ASEAN-Korea Startup Week 2026 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် (၂) ဦး ပါဝင်တက်ရောက်

(၂၁-၁၀-၂၀၂၆၊ ဆိုးလ်)

ASEAN-Korea Startup Week 2026 ဖွင့်ပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် ဆိုးလ်မြို့ရှိ OnDream Society ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ Nipa Related Co., Ltd. နှင့် TharawonShwe Co., Ltd. တို့မှ မြန်မာ့အစပျိုးစီးပွားရေးလုပ်ငန်းရှင် (Startups) (၂) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် စီးပွားရေးသံမှူးနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ASEAN-Korea Startup Week 2026 အစီအစဉ်ကို အာဆီယံနိုင်ငံများမှ အစပျိုး (Startup) လုပ်ငန်းများ၏ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးရန်နှင့် Future Innovation tech EXpo (FIX) 2026 ပြပွဲတွင် ပါဝင်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ASEAN-Korea Centre က ကြီးမှူးကာ ဆိုးလ်မြို့ရှိ သံရုံးများနှင့် ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ASEAN-Korea Centre ၏ အတွင်းရေးမှူးချုပ်၊ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများ၊ စီးပွားရေးသံမှူးများ၊ အာဆီယံနိုင်ငံများမှ Startup လုပ်ငန်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ ASEAN-Korea Centre ၏ အတွင်းရေးမှူးချုပ် H.E. Kim Jae-shin က အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ကာ၊ ဆိုးလ်မြို့အခြေစိုက် ဖိလစ်ပိုင်သံရုံးမှ သံအမတ်ကြီး H.E. Bernadette Therese C. Fernandez က ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ Korea University Business School မှ ပါမောက္ခ Professor Kim Young-Kyu က “Venture Capital & Entrepreneurship in the Korean Startup” ခေါင်းစဉ်ဖြင့် ကိုရီးယားနိုင်ငံ၏ Startup လုပ်ငန်းများတွင် အကျိုးတူရင်းနှီးမြှုပ်နှံမှု (Venture Capital) နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ Gyeonggi Centre for Creative Economy and Innovation (GCCEI) မှ မန်နေဂျာ Mr. Lee Jung-yoon က “Korean Startup Support System through the K-Grand Startup Challenge (KGSC)” ခေါင်းစဉ်ဖြင့် K-Grand Startup Challenge အစီအစဉ်မှတစ်ဆင့် ကိုရီးယားနိုင်ငံတွင် Startup လုပ်ငန်းများကို ပံ့ပိုးကူညီပေးနေသည့်စနစ်နှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် K-Startup Grand Challenge ပြိုင်ပွဲတွင် ဆုရရှိခဲ့သော KConnect Co., Ltd. ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (Founder & CEO) Mr. Ravi Shankar Pandit က “Foreign Founder’s Journey in Korea” ခေါင်းစဉ်ဖြင့် ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားတစ်ဦးအနေဖြင့် Startup လုပ်ငန်းတည်ထောင်ကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ များကိုလည်းကောင်း မျှဝေဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်လာသူများမှာ ဓနိဖူးအခြေပြု ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် Nipa Related Co., Ltd. နှင့် မြန်မာ့ဆေးဖက်ဝင်ပစ္စည်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်သည့် TharawonShwe Co., Ltd. တို့မှ Startup ကိုယ်စားလှယ်များ ဖြစ်ပါသည်။

ASEAN-Korea Startup Week 2026 အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် ဆက်လက်ကျင်းပမည် ဖြစ်ပါသည်။ အစီအစဉ်အတွင်း အာဆီယံနိုင်ငံများမှ Startup ကိုယ်စားလှယ်များသည် ကိုရီးယားနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းအရှိန်မြှင့်တင်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် စီးပွားရေးချိတ်ဆက် ဆွေးနွေးခြင်း၊ လုပ်ငန်းတင်ပြပွဲ (Demo Day) တွင် ပါဝင်တင်ပြခြင်း၊ Future Innovation tech Expo (FIX) 2026 တွင် မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပြသမိတ်ဆက်ခြင်း၊ လုပ်ငန်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ ယင်းအစီအစဉ်များမှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံအကြား Startup နှင့် MSME ကဏ္ဍများတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
ASEAN-Korea Startup Week အစီအစဉ်ကို ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား တက်သစ်စ အစပျိုးစီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ဖလှယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးချဲ့ရေးတို့ကို ရည်ရွယ်၍ ASEAN-Korea Centre (AKC) က ၂၀၁၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံမှ Startup လုပ်ငန်းများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် စိုက်ပျိုးရေးကဏ္ဍအတွက် ဒီဂျစ်တယ်နည်းပညာအခြေပြု ဝန်ဆောင်မှုများ ဆောင်ရွက်သည့် Village Link Co., Ltd. က ပထမဆုကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် RecyGlo Co., Ltd. က တတိယဆုကိုလည်းကောင်း (၂) နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပါသည်။

ယင်းအောင်မြင်မှုများသည် မြန်မာနိုင်ငံ၏ တက်သစ်စ စီးပွားရေးလုပ်ငန်းများ၏ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်သည့် အလားအလာကို ဖော်ပြနိုင်ခဲ့သည့်အပြင် ကိုရီးယားသမ္မတနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါသည်။ ယခုနှစ်၏ ASEAN-Korea Startup Week 2026 တွင် သီးခြားပြိုင်ပွဲ အစီအစဉ် မပါရှိသည့်အတွက် Pitching Program မှတစ်ဆင့် မိမိ၏ လုပ်ငန်းများအား ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များသို့ မိတ်ဆက်ခြင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ဆောင်ရွက်သင့်သည့် အကြံပြုချက်များကို မြန်မာသံရုံး၊ ဆိုးလ်မြို့ စီးပွားရေးသံမှူးမှ မြန်မာ့အစပျိုးလုပ်ငန်းရှင်များသို့ ဆွေးနွေးအကြံပြုပေးခဲ့ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် စီးပွားရေးသံမှူးတို့အနေဖြင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ASEAN-Korea Startup Week အစီအစဉ်တွင် မြန်မာနိုင်ငံမှ တက်သစ်စ စီးပွားရေးလုပ်ငန်းများ နှစ်စဉ်ပါဝင်နိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံ၏ Startup ဂေဟစနစ်နှင့် ချိတ်ဆက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးမိတ်ဖက်များထံမှ အခွင့်အလမ်းများ ရရှိနိုင်ရေးတို့အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။