၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးစဉ် လာရောက်

(၂၁-၁၀-၂၀၂၆၊ ဟနွိုင်း)

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၆) ဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ အုပ်ချုပ်သူများလိုက်ပါလျက် နိုင်ငံတော်အစီအစဉ်ဖြင့် ထိုင်းနိုင်ငံလေ့လာရေးခရီးစဉ်ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ဟနွိုင်းမြို့သို့ ၁၆-၁၀-၂၀၂၆ ရက်တွင် ရောက်ရှိခဲ့ပါသည်။

အဆိုပါ ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ လေ့လာရေးခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ လာရောက်ခဲ့ရာတွင် ဗီယက်နမ်နိုင်ငံ၏ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာများဖြစ်သည့် ဟာလောင်း ပင်လယ်အော်၊ Thang Long တော်ဝင် ခံတပ်ဟောင်းတို့အပြင် ထင်ရှားကျော်ကြားသည့် အထင်ကရနေရာများဖြစ်သည့် ဟိုချီမင်း ဂူဗိမာန်နှင့် ပြတိုက်၊ Van Phuc ပိုးထည်ရွာ၊ ဗီယက်နမ် စစ်သမိုင်းပြတိုက်တို့ကို သွားရောက်လေ့လာခဲ့ကြပြီး၊ ဗီယက်နမ်နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများကို လေ့လာသိရှိခွင့် ရရှိခဲ့ကြပါသည်။

ဆက်လက်၍ ပညာရေးကဏ္ဍလေ့လာရေး အစီအစဉ်အဖြစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသော ဦးဆောင်တက္ကသိုလ်များဖြစ်သည့် ဟနွိုင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (HUST)၊ ဗီယက်နမ်အမျိုးသားတက္ကသိုလ်-ဟနွိုင်းသိပ္ပံတက္ကသိုလ် (VNU-HUS) နှင့် ပုဂ္ဂလိကပိုင် VinUniversity တို့သို့လည်းသွားရောက်ကာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများ၊ ဗီယက်နမ်ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းနှီးပွင့်လင်းစွာ ထိတွေ့မေးမြန်းလေ့လာ၍ ဗီယက်နမ်နိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်နှင့် ပညာရေးအခွင့်အလမ်းများ၊ တီထွင်ဆန်းသစ်မှု နည်းပညာနှင့် သုတေသနပြုသည့် အလေ့အထများကို လေ့လာဆည်းပူးနိုင်ခဲ့ကြပါသည်။
ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီးဖြစ်သူတို့မှလည်း မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူများကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ခဲ့ပြီး၊ ၁၉-၁၀-၂၀၂၆ ရက်တွင် ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ရာ သံအမတ်ကြီးက ယခုလေ့လာရေးခရီးစဉ်အတွင်း ရရှိဆည်းပူးခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ၊ နည်းပညာဆိုင်ရာ သိရှိနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုများကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ထိရောက်စွာ ပြန်လည်အသုံးချကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း စည်းလုံးညီညွတ်မှုတို့ကို ဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အားပေးတိုက်တွန်းခဲ့ပါသည်။

မြန်မာထူးချွန်ကျောင်းသား၊ ကျောင်းသူအဖွဲ့သည် ဗီယက်နမ်နိုင်ငံလေ့လာရေး ခရီးစဉ်ပြီးဆုံးသည့် ၂၀-၁၀-၂၀၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။