မြန်မာသံအမတ်ကြီး အာဆီယံကော်မတီ (ကူဝိတ်) ၏ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

(၂၈-၁၀-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ၂၈-၁၀-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် ကူဝိတ်မြို့ရှိ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံရုံး၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ (ကူဝိတ်) (ASEAN Committee in Kuwait – ACK) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကူဝိတ်နိုင်ငံရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် လက်ရှိဥက္ကဋ္ဌ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Sulaini Said က ၎င်း၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် ၂၀၂၆ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် လှုပ်ရှားမှုများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြ၍ ACK အဖွဲ့ဝင်များ၏ ပူးပေါင်းကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အာဆီယံကော်မတီ (ကူဝိတ်) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းသံအမတ်ကြီးက ကူဝိတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhay Makara ထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးက ကူဝိတ်နိုင်ငံတွင် အာဆီယံ၏ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ ဧပြီလအတွင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ သံရုံးအကြီးအကဲများအကြား အာဆီယံကော်မတီ၏ ရှေ့လုပ်ငန်းအစီအစဉ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့နောက် ဘရူနိုင်းသံအမတ်ကြီးက အခမ်းအနားတက်ရောက်လာကြသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။