(၂၈-၁၀-၂၀၂၆၊ ဆိုးလ်)
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons Hotel ၌ ကိုရီးယားသမ္မတနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန (Ministry of Finance & Economy) နှင့် ကိုရီးယားဖွံ့ဖြိုးတိုးတက်ရေးသုတေသနဌာန (Korea Development Institute – KDI) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် G20 ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုဆိုင်ရာ ညီလာခံ (G20 Global Financial Stability Conference 2026) သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူ တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံ၏ အဖွင့်အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ချန်ဟာ့ (Chang Huh) နှင့် KDI ဥက္ကဋ္ဌ မစ္စတာ စီဂျစ်ကင် (Se-jik Kim) တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ ညီလာခံသို့ ဆိုးလ်မြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ပါဝင်တက်ရောက်ခဲ့ကြသည်။
ညီလာခံ၏ ဆောင်ပုဒ်မှာ “AI နည်းပညာဆန်းသစ်တီထွင်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ ကွဲပြားပြောင်းလဲလာမှုအပါအဝင် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများ၏ ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုအပေါ်သက်ရောက်မှု” ဖြစ်သည်။ ညီလာခံတွင် ကမ္ဘာ့စီးပွားရေး၏ ခံနိုင်ရည်ရှိမှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှု၊ AI နည်းပညာဆန်းသစ်တီထွင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘဏ္ဍာရေးအန္တရာယ်များနှင့် မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ၊ ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်များ ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘဏ္ဍာရေးအန္တရာယ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အဆိုပါ G20 Global Financial Stability Conference 2026 ညီလာခံသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးဈေးကွက်၏ လက်ရှိ စိန်ခေါ်မှု များ၊ နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ကုန်သွယ်ရေး ထောက်ပံ့ရေးကွင်းဆက် ပြောင်းလဲမှုများ၏ သက်ရောက်မှုများကို လေ့လာသိရှိနိုင်ခဲ့သည်။ ယင်းအချက်အလက်များသည် မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေး၊ ကိုရီးယားဈေးကွက်သို့ ဝင်ရောက်နိုင်ရေးနှင့် နိုင်ငံတကာစီးပွားရေး အခြေအနေများအပေါ် အခြေခံသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို လေ့လာသုံးသပ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

