ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ အဆင်မြင့်တတ်သိပညာရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၁-၁၀-၂၀၂၆၊ ကူမင်း)

​ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့၌ ၂၁-၁၀-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ အဆင်မြင့်တတ်သိပညာရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို “မြန်မာ-တရုတ် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန်” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ်သည် “တရုတ်-မြန်မာ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ” တွင် ပါဝင်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှု၊ မြန်မာ့ပေါ်ဆန်းဆန်က ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့မှုနှင့် မြန်မာ့ဆန်၊ ကော်ဖီတို့၏ ဈေးကွက်အလားအလာများကို ဆွေးနွေးခဲ့သည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်ဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် နည်းပညာဖလှယ်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများကိုလည်း အလေးထားဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ နှစ်နိုင်ငံမှ သက်ဆိုင်ရာဌာနများ၊ သုတေသနအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။