ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာရှ–ပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီးအမှူးများဖိုရမ်နှင့် ဆက်စပ်ကျင်းပသည့် နေ့လယ်စာစားပွဲနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်

(၂၁-၁၀-၂၀၂၆၊ အော်တာဝါ)

​ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ ၁၂၀၀ နာရီတွင် အွန်တာရီယိုပြည်နယ်၊ Kingston မြို့ရှိ Queen’s University ၌ ကျင်းပပြုလုပ်သော အာရှ–ပစိဖိတ်ဒေသဆိုင်ရာ သံရုံးအကြီးအမှူးများဖိုရမ် (Asia-Pacific Heads of Mission Forum) နှင့် ဆက်စပ်ကျင်းပသည့် အလုပ်သဘော နေ့လယ်စာစားပွဲနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါနေ့လယ်စာစားပွဲတွင် Queen’s University ၏ ပါမောက္ခချုပ်နှင့် ဒုတိယအဓိပတိဖြစ်သူ Patrick Deane က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အာရှ–ပစိဖိတ်ဒေသဆိုင်ရာ သံတမန်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ မွန်ဂိုးလီးယား သံအမတ်ကြီးကလည်း အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ၁၄၀၀ နာရီတွင် Queen’s University ၏ Ban Righ Hall၊ Elspeth Baugh Fireside ခန်းမ၌ “Oil Shocks, Energy Resilience, and Sustainability in a Disrupted Global Order: Canada’s Perspective and Asia-Pacific Responses” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။
​အဆိုပါဆွေးနွေးပွဲတွင် Queen’s University ၏ ဝိဇ္ဇာနှင့် သိပ္ပံပညာဌာန၊ မူဝါဒလေ့လာရေးကျောင်းမှ Dr. Warren Mabee နှင့် Smith စီးပွားရေးပညာကျောင်း မှ Dr. David Detomasi တို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ ကမ္ဘာ့အခြေအနေ မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ် လာသည့် ရေနံဈေးနှုန်းအပြောင်းအလဲများ၏ သက်ရောက်မှု၊ စွမ်းအင်ကဏ္ဍ၏ ခံနိုင်ရည်ရှိမှု မြှင့်တင်ရေး၊ ရေရှည်တည်တံ့သော စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကနေဒါနိုင်ငံ၏ အမြင်များအပေါ် အခြေခံ၍ အာရှ–ပစိဖိတ်ဒေသ၏ တုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

အဆိုပါအစီအစဉ်သည် အာရှ–ပစိဖိတ်ဒေသဆိုင်ရာ သံတမန်များနှင့် ပညာရှင်များအကြား အမြင်ချင်းဖလှယ်နိုင်ရန်၊ ကမ္ဘာ့စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများ၊ စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နားလည်မှု ပိုမိုတိုးမြှင့်နိုင်ရန်နှင့် ကနေဒါနိုင်ငံနှင့် အာရှ–ပစိဖိတ်ဒေသအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန် အထောက်အကူပြုခဲ့ပါသည်။