သံအမတ်ကြီး ဦးမင်းသိမ်း ကူဝိတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ

(၂၁-၁၀-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mr. Abdulaziz Al-Salem အား ၂၀-၁၀-၂၀၂၆ ရက် ၁၀၀၀ နာရီတွင် ကူဝိတ်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရှိ ၎င်း၏ ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လက်ရှိပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ယင်းအခြေအနေများကို ပိုမိုတိုးတက်ခိုင်မာစေမည့် နည်းလမ်းများကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

မြန်မာသံအမတ်ကြီးက ကူဝိတ်သို့ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေး၊ ကူဝိတ်မှ မြန်မာနိုင်ငံသို့ ရေနံထွက်ကုန်များတင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ လာရောက်ပြုလုပ်ရေး၊ မြန်မာ-ကူဝိတ် နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။