(၃၁-၈-၂၀၂၃ ရက်၊ ဘရာဇီးလျား)
မြန်မာသံရုံး၊ ဘရာဇီးလျားမြို့မှ သံအမတ်ကြီးဦးအောင်ကျော်ဇံသည် ၂၈-၈-၂၀၂၃ ရက်မှ ၃၀-၈-၂၀၂၃ ရက်အထိ ဆောင်ပါလိုပြည်နယ်သို့ (၃) ရက်ကြာ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း သံအမတ်ကြီးသည် ၂၈-၈-၂၀၂၃ ရက်နေ့တွင် ဆောင်ပါလိုကုန်သည်ကြီးများအသင်း (ACSP) ဥက္ကဋ္ဌ Roberto Mateus Ordine နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များအကြား တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းနှင့် အစားအစာများ၊ အထည်အလိပ်နှင့် ဖိနပ်ထုတ်လုပ်ရေးကဏ္ဍများတွင် B2B ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပရေးအပါအဝင် UMFCCI နှင့် ACSP တို့အကြား လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် နားလည်မှုစာလွှာပါ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုသို့ ဆောင်ပါလိုမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Ricardo Cateb Cury ၊ ACSP ဒုတိယဥက္ကဋ္ဌ Mr. Alfredo Cotait Neto နှင့် ACSP ၏ နိုင်ငံခြားရေးရာအထူးအကြံပေး Mauricio Manfre တို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ သံအမတ်ကြီးနှင့် ဆောင်ပါလိုပြည်နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အိုးအိမ်ဌာန၊ Secretary Marcelo Branco တို့တွေ့ဆုံစဉ် ၎င်းက ဆောင်ပါလိုပြည်နယ်၏ အိမ်ရာတည်ဆောက်မှုအပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် သံအမတ်ကြီးသည် Global Council of Sustainability and Marketing (GCSM) ၏ အမှုဆောင်အရာရှိချုပ်နှင့် “The Winners” “Economy & Law” မဂ္ဂဇင်းတို့၏ ထုတ်ဝေသူ Agostinho Turbian မှ တည်ခင်းဧည့်ခံသည့် Personalities of the Year (2023) ချီးမြှင့်ပွဲအထိမ်းအမှတ်ညစာစားပွဲသို့ အထူးဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
Embraer လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ၏ ဖိတ်ကြားချက်အရ အာဆီယံ-ဘရာဇီးလျား ကော်မတီ၏ အစီအစဉ်ဖြင့် ၂၉-၈-၂၀၂၃ ရက်နေ့တွင် သံအမတ်ကြီးသည် ဘရာဇီးလျားမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများ၊ အဖွဲ့ဝင်များနှင့်အတူ Embraer ကုမ္ပဏီ၏ လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းရပ်များ တည်ရှိရာ ဆောင်ပါလိုပြည်နယ်၊ ဆောင်ဂျိုဆဲဒို့စ်ကမ်းပို့စ်မြို့သို့ သွားရောက်၍ ကုမ္ပဏီ၏တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ Embraer ကုမ္ပဏီ၏ လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း Embraer ကုမ္ပဏီတာဝန်ရှိသူများက အရှေ့တောင်အာရှဒေသရှိ လေကြောင်းလိုင်းများတွင် Embraer ကုမ္ပဏီမှထုတ်လုပ်သည့် ခရီးသည်တင်လေယာဉ်များ၊ နောက်ဆုံးထုတ် E-2 အမျိုးအစားလေယာဉ်များ ပျံသန်းပြေးဆွဲမှုအခြေအနေ၊ Embraer ကုမ္ပဏီ၏ ဈေးကွက်ပိုင်ဆိုင်မှုနှင့် ချဲ့ထွင်နိုင်မှုအလားအလာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
သံအမတ်ကြီးသည် ၃၀-၈-၂၀၂၃ ရက်နေ့တွင် ဆောင်ပါလိုမြို့၌ ကုန်သွယ်မှုနှင့် နိုင်ငံခြားရေးရာဌာနနှင့် ဆောင်ပါလိုပြည်နယ်၊ စက်မှုအသင်း (FIESP) ၏ ညွှန်ကြားရေးမှူး Gustavo Bonini နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မှုအလားအလာများနှင့် ဘရာဇီးလ်နိုင်ငံ၏ ကြံမှ အီသနောထုတ်လုပ်သည့်နည်းပညာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။






