အီဂျစ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက ကိုင်ရိုမြို့အခြေစိုက်တူကီယဲသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး (၃၁-၈-၂၀၂၃ ရက်)

(၃၁-၈-၂၀၂၃ ရက်၊ ကိုင်ရို)

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်သည် ကိုင်ရိုမြို့အခြေစိုက် အီဂျစ်နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး H.E. Mr. Salih Mutlu Sen အား ၃၁-၈-၂၀၂၃ ရက်၊ ၁၃၀၀ နာရီတွင် ကိုင်ရိုမြို့ရှိ Four Seasons Hotel, Nairu & Nairu Lounge Restaurant ၌ တွေ့ဆုံပြီး၊ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် စီးပွားရေးနှင့်ကုန်သွယ်မှုတို့အား တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားပြီးဖြစ်သော သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများပါ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။ 

ဆက်လက်၍ မြန်မာသံအမတ်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ အာဆီယံတူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိုခါဆိုင်ကလုန်းဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့်ဒေသများနှင့် ပြည်သူများအား ကူညီကယ်ဆယ်ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ အခြေအနေမှန်တို့ကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။