(၂၆-၁၀-၂၀၂၆၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၆-၁၀-၂၀၂၆ ရက်၊ နံနက် ၀၉၀၀ နာရီတွင် ချုံချင့်မြို့၊ The Westin ဟိုတယ်၌ ချုံချင့်မြူနီစီပယ် ယွီကျုံးခရိုင်အစိုးရနှင့် ချုံချင့်ကုန်စည်နှင့် ထောက်ပံ့ပို့ဆောင်ရေးရုံးတို့မှ ဦးစီးကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် ပထမအကြိမ် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဉာဏ်ရည်တုညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ချုံချင့်မြူနီစီပယ် ယွီကျုံးခရိုင် အမြဲတမ်းကော်မတီဝင်နှင့် ဒုတိယမြို့တော်ဝန် Mr. Deng Guaihuai နှင့် ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးရုံးမှ Second-level Inspector, Mr. Kang Jian တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ချုံချင့်အခြေစိုက် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ ချုံချင့်ကုန်စည်နှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ညီလာခံအား ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ကုန်စည်နှင့် ထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်းတို့၏ အပြန်အလှန်ပေါင်းစပ်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် လုပ်ငန်းဆိုင်ရာ ဖလှယ်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

