သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားနှင့် ဝါကျွတ်ပွဲတော်သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း

(၂၆-၁၀-၂၀၂၆၊ ချင်းမိုင်)

​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၆-၁၀-၂၀၂၆ ရက်တွင် ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်၌ ချင်းမိုင်မြို့ မြန်မာအသိုက်အဝန်းက စုပေါင်းကျင်းပပြုလုပ်သည့် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားနှင့် ဝါကျွတ်ပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များကို ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ အရှင်ကောဏ္ဍည မထေရ်မြတ်အမှူးရှိသော သံဃာတော်အရှင်သူမြတ်များက တရားရေအေးအမြိုက်ဆေးတိုက်ကျွေးခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှ မြန်မာတိုင်းရင်းသားများက လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ မိသားစုဝင်များက စတုဒိသာကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။