(၂၄-၁၀-၂၀၂၆၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် အောက်ဩစတြီးယားပြည်နယ်၊ စိန့်ပေါလ်တန်မြို့၌ ကျင်းပခဲ့သည့် အာဆီယံဗီယင်နာကော်မတီ (ASEAN Vienna Committee – AVC) ၏ လေ့လာရေးခရီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ နိုင်ငံရေးဆိုင်ရာကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ခရီးစဉ်အစောပိုင်းတွင် အာဆီယံသံအမတ်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်ဩစတြီးယားပြည်နယ် လွှတ်တော်အဆောက်အဦနှင့် Niederösterreich ပြတိုက်တို့သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထို့နောက် ၁၁၀၀ နာရီတွင် အောက်ဩစတြီးယားပြည်နယ် အုပ်ချုပ်ရေးမှူး၏ နိုင်ငံရေးဆိုင်ရာ ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ အာဆီယံဗီယင်နာကော်မတီဘက်မှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ တက်ရောက်ခဲ့ကြပြီး၊ အောက်ဩစတြီးယားပြည်နယ်ဘက်မှ ပါလီမန်အမတ်၊ ဒုတိယမြို့တော်ဝန် Mr. Florian၊ နိုင်ငံတကာရေးရာဌာနမှူး Dr. Simon Ortner၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အကြံပေး Mr. Maximilian Wolf နှင့် Eco plus ၏ စီးပွားရေးနှင့် နည်းပညာဆိုင်ရာဌာနမှူး Mr. Claus Zeppelzauer တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အောက်ဩစတြီးယားပြည်နယ်ဘက်မှ ကိုယ်စားလှယ်များက အောက်ဩစတြီးယား ပြည်နယ်အတွင်းရှိ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုကဏ္ဍရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သံအမတ်ကြီးများ/ကိုယ်စားလှယ်များက တစ်ဦးချင်းစီအလိုက် မိတ်ဆက်လျက် အောက်ဩစတြီးယားပြည်နယ်နှင့် သက်ဆိုင်ရာနိုင်ငံနှင့်သာမက အာဆီယံအနေဖြင့်ပါ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးခဲ့ကြပြီး လာမည့်နှစ်တွင် ယင်းပြည်နယ်၌ အာဆီယံခရီးသွားလာရေးနေ့ ကျင်းပနိုင်ရေးအတွက် ကနဦး ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ကြပါသည်။



