(၂၅-၁၀-၂၀၂၆၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၃-၁၀-၂၀၂၆ ရက်မှ ၂၅-၁၀-၂၀၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျက်ကျန်းပြည်နယ် (Zhejiang)၊ လိရွှေမြို့ (Lishui) ၌ ကျင်းပပြုလုပ်သည့် “BRI Ambassadors Visit Zhejiang” လေ့လာရေးခရီးစဉ်သို့ သွားရောက်၍ ၂၃-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် Lishui University နှင့် လိရွှေနိုင်ငံခြားရေးရုံးမှ ကိုယ်စားလှယ်များ ကြီးမှူးကျင်းပသည့် “Lishui, China, Bangladesh, Myanmar, Colombia Economic and Trade Cooperation Symposium” အခမ်းအနားသို့ တက်ရောက်၍ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရေးဖိတ်ခေါ်ဆွေးနွေးခြင်းနှင့် ၂၄-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် “2026 FIAP World Photographers Conference” သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ခရီးစဉ်ကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ကျက်ကျန်းပြည်နယ်၊ လိရွှေမြို့တို့မှ လုပ်ငန်းများအကြား ထိရောက်သော ချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ခြင်း၊ ဝမ်ကျိုးနှင့် လိရွှေမြို့တို့ရှိ အဓိကစီးပွားရေးလုပ်ငန်းများ၊ ထင်ရှားသည့် စက်မှုကဏ္ဍများဖြစ်ကြသော ဉာဏ်ရည်တုနည်းပညာ အသုံးပြုလျက်ရှိသည့် အဆင့်မြင့်ထုတ်ကုန်လုပ်ငန်း၊ ဂေဟစနစ်အခြေပြု စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း စသည်တို့သို့ သွားရောက်လေ့လာခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်၊ အတွေ့အကြုံများနှင့် အခြားသော လှုပ်ရှားမှုများမှတစ်ဆင့် နှစ်ဦးနှစ်ဖက်နားလည်မှုနှင့် ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတို့သို့ ကျက်ကျန်းပြည်နယ် အစိုးရအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စားလှယ်ကြီးများ၊ လိရွှေဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ Lishui Univeristy တက္ကသိုလ်မှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကျောင်းသားများ၊ တရုတ်-အာရပ်အသင်းမှ တာဝန်ရှိသူများနှင့် ဓါတ်ပုံနယ်ပယ်မှ အထင်ကရပုဂ္ဂိုလ်များ စုစုပေါင်း (၄၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



