ဟူနန်ပြည်နယ်၊ ချန်ရှားမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ဟူနန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညီလာခံ ၂၀၂၆ သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း

(၂၄-၁၀-၂၀၂၆၊ နန်နင်း)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ ၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် “တတိယအကြိမ်မြောက် ဟူနန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညီလာခံ ၂၀၂၆ (Third Hunan Global Partnership Conference on Trade and Investment Promotion 2026)” သို့ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဟူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Yu Hongsheng၊ လာအိုနိုင်ငံ ဗီယင်ကျန်းပြည်နယ် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ Mr. Phouvong Bounsou နှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ တရားရေးဌာနမှ ဥပဒေအရာရှိ Dr. James Ding အပါအဝင် နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ညီလာခံတွင် ဟူနန်ပြည်နယ်၏ အားသာချက်များဖြစ်သည့် မဟာဗျူဟာကျသော တည်နေရာ (တရုတ်နိုင်ငံ အလယ်ပိုင်းတွင် တည်ရှိပြီး နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်နိုင်ခြင်း)၊ စက်မှုလုပ်ငန်း အခြေခံကောင်းမွန်မှု (ဆောက်လုပ်ရေးစက်ပစ္စည်း၊ ရထားပို့ဆောင်ရေးနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်မှုတွင် ထိပ်တန်းရောက်နေခြင်း)၊ ကြွယ်ဝသော သဘာဝသယံဇာတများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ တည်ရှိခြင်းတို့ကို အဓိကထား ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထို့အပြင် ကောင်စစ်ဝန်ချုပ်သည် ညီလာခံ၏ အဓိက အစီအစဉ်တစ်ခုဖြစ်သည့် “ဟူနန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Hunan-ASEAN Economic and Trade Cooperation Matchmaking)” တွင် ပါဝင်ခဲ့ပြီး၊ အာဆီယံနိုင်ငံများနှင့် ဟူနန်ပြည်နယ်အကြား ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်နှင့် စွမ်းအင်၊ ခေတ်မီစိုက်ပျိုးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပါသည်။
ညီလာခံကာလအတွင်း မြန်မာနိုင်ငံနှင့် ဟူနန်ပြည်နယ်အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးနိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။