ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား လက်ရှိအခြေအနေနှင့်ပတ်သက်၍ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်တက်ရောက် (၂၂-၁၂-၂၀၂၅၊ နေပြည်တော်)

(၂၂-၁၂-၂၀၂၅၊ နေပြည်တော်)

 ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား လက်ရှိအခြေအနေနှင့် ပတ်သက်၍ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် အစည်းအဝေးပုံစံနှစ်မျိုး            (Hybrid Format) ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူး အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် နေပြည်တော်မှ  ပါဝင်တက်ရောက်ခဲ့ပါသည်။

 အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံသည် ၎င်း၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စအပေါ် မည်သည့်ဘက်ကမှ ဘက်လိုက်ခြင်းမရှိပဲ ရပ်တည်လျက် ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံအကြားရှိ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာခြင်း၏ အရေးပါမှုကို အလေးထားဖော်ပြလိုပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးရှိသည့် နှစ်နိုင်ငံစလုံးအနေဖြင့် အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်သော အာဆီယံမိသားစုစိတ်ဓာတ်တို့ဖြင့် ဖြစ်ပေါ်နေသောအရေးကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်း၍ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်အဖြေကို မကြာမီရရှိနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်မျှော်လင့်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

**************