မြန်မာကောင်စစ်ဝန်ချုပ်မှ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ်ရေးဝန်ကြီးနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးတို့အား သွားရောက်ဂါရဝပြုတွေ့ဆုံ (၁၃-၆-၂၀၂၆၊ ဟောင်ကောင်)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ ဒုတိယအကြီးအကဲဖြစ်သူ အုပ်ချုပ်ရေးဝန်ကြီး the Hon. Mr. Eric CHAN Kwok-ki အား ၃-၆-၂၀၂၆ ရက်၊ ၁၅:၀၀ နာရီတွင်လည်းကောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး the Hon. Mr. Algernon Yau အား ၁၁-၆-၂၀၂၆ ရက်၊ ၁၅:၀၀ နာရီတွင်လည်းကောင်း ၎င်းတို့၏ ရုံးများ၌ သီးခြားစီ သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
အုပ်ချုပ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ဦးစွာ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ဟောင်ကောင် ဒေသတို့အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များအကြား ခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ အနုပညာဖျော်ဖြေတင်ဆက်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်နိုင်ရေးနှင့် ပြည်သူများအကြား ကူးလူးဆက်ဆံမှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးကိစ္စရပ်များအပေါ် နှစ်ဖက် ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဟောင်ကောင်ဒေသ၏ ရင်းနှီးမြှုပ်နှံနေမှုအခြေအနေများနှင့် နှစ်ဖက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်စေရေး အခွင့်အလမ်းများ ရှာဖွေရန် အဓိက ဆွေးနွေးခဲ့ကြပြီး၊ ဟောင်ကောင်ဒေသ၌ ပြုလုပ်သည့် ပြပွဲများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ ပိုမို ပါဝင်တက်ရောက်နိုင်ရေး၊ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ၏ ခရီးစဉ်များ ပိုမိုစီစဉ်နိုင်ရေး၊ ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်စေရန်အတွက် ပြည်ဝင်ဗီဇာလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးနှင့် မြန်မာကျောင်းသားကျောင်းသူများအား ဟောင်ကောင်ဒေသရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန် ရပ်ဝန်းနှင့်ပိုးလမ်းမပညာသင်ဆုများ ဆက်လက်ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ဟောင်ကောင်မြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်