မန္တလေးငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် AHA Centre အကြား အမေရိကန်ဒေါ်လာ ၁ သန်း ကူညီပံ့ပိုးခြင်းဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

(၁၂-၁၁-၂၀၂၅ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၁၂-၁၁-၂၀၂၅ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် AHA Centre အကြား အမေရိကန်ဒေါ်လာ ၁ သန်း ကူညီပံ့ပိုးခြင်းဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါသဘောတူညီချက်သည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပြင်းအား ၇.၇ ရှိ မန္တလေးငလျင်ဒဏ်သင့်ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကို ထောက်ပံ့ကူညီရန် တရုတ် နိုင်ငံအစိုးရမှ AHA Centre သို့ တရုတ်ယွမ်ငွေ (၇,၃၀၀,၀၀၀)နှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ (၁)သန်းအား ပေးအပ်လှူဒါန်းခြင်းဖြစ်ပါသည်။ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရိုက်တာ Mr. Lee Yam Ming တို့က ယင်းသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အခမ်းအနားသို့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre နှင့် အာဆီယံဆိုင်ရာ တရုတ်အဖွဲ့ရုံးမှ ကိုယ်စားလှယ်များ အသီးသီး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။