မြန်မာသံရုံး၊ ရောမမြို့တွင် မြန်မာ့သမိုင်း၊ ယဉ်ကျေးမှုနှင့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေတို့ကို ဖော်ညွှန်းပြသသည့် စာအုပ်များမိတ်ဆက်ပွဲကျင်းပခြင်း(၁၁-၁၁-၂၀၂၅ ရက်၊ ရောမမြို့)

မြန်မာသံရုံး၊ ရောမမြို့တွင် အီတလီဘာသာသို့ ပြန်ဆိုထားသည့် “Aspects of Myanmar History and Culture” နှင့် “Myanmar in the Golden Land” စာအုပ်များမိတ်ဆက်ပွဲကို ၁၁-၁၁-၂၀၂၅ ရက်၊ အင်္ဂါနေ့၊ မွန်းလွဲ (၁၄:၃၀) နာရီတွင် ရောမမြို့ရှိ မြန်မာသံရုံးပရဝုဏ်၌ ကျင်းပခဲ့ပါသည်။
ဆရာကြီးဦးသော်ကောင်းရေးသားပြုစုထားသည့် “Aspects of Myanmar History and Culture” ကို Anteo Edizioni နှင့် ပူးပေါင်း၍ အီတလီဘာသာသို့ပြန်ဆိုကာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ထွန်းကားမှုများနှင့် သမိုင်းကြောင်းများကို အီတလီစာဖတ်သူများ လေ့လာသိရှိစေရန် ရည်ရွယ် ထုတ်ဝေခဲ့ပါသည်။ “Myanmar in the Golden Land” စာအုပ်တွင် အီတလီစာရေးသူ တွဲဖက် ပါမောက္ခ Mr. Lorenzo Maria Pacini က မြန်မာ့သမိုင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အပေါ် ၎င်း၏အမြင်နှင့် ပညာရပ်ဆိုင်ရာသုံးသပ်ချက်တို့ကို တင်ပြထားပါသည်။
အခမ်းအနားအစီအစဉ်အရ အီတလီသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာပေအနုပညာသည် မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံတို့အကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရာတွင် အရေးပါသည့် ပေါင်းကူးတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ Anteo Edizioni စာအုပ်ထုတ်လုပ်ရေး၏ ထုတ်ဝေသူ Mr. Stefano Bonilauri က မြန်မာနိုင်ငံ၏ သမိုင်းနှင့်ယဉ်ကျေးမှုအစိတ်အပိုင်းအချို့ကို အီတလီ စာဖတ်ပရိသတ်များထံ မျှဝေတင်ဆက်ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။ အဖွင့်မိန့်ခွန်းပြောကြားသည့် အစီအစဉ်အပြီးတွင် “Aspects of Myanmar History and Culture” စာအုပ်ဘာသာပြန်ဆိုသူ Mr. Giulio Chinappi နှင့် “Myanmar in the Golden Land” စာအုပ်ရေးသားသူ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini တို့က စာအုပ်အသီးသီး၏ အကြောင်းအရာများနှင့် ဖန်တီးမှုအနုပညာတို့ကို မိတ်ဆက်ပြောကြားခဲ့ကြပါသည်။
အခမ်းအနားသို့ အာဆီယံသံအမတ်ကြီးများ၊ သံတမန်များ၊ ပါမောက္ခများ၊ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
စာအုပ်များမိတ်ဆက်ပွဲကို အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ တက်ရောက်လာကြသည့် ဧည့်သည်များအကြား အပြန်အလှန်မိတ်ဆက်ပြောကြားခြင်းဖြင့် ရုပ်သိမ်းခဲ့ပြီး မြန်မာသံရုံး၊ ရောမမြို့အနေဖြင့် စာပေအနုပညာမှတစ်ဆင့် ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ခဲ့ပါသည်။