

(၂၃-၅-၂၀၂၂ ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အာဆီယံ-မြန်မာအဆင့်မြင့်အရာရှိကြီး ဦးချမ်းအေးသည် ၂၃-၅-၂၀၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၈) ကြိမ်မြောက် အာဆီယံ-ရုရှားအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား အာဆီယံ-ကမ္ဘောဒီးယားအဆင့်မြင့်အရာရှိကြီး H.E. EAT Sophia နှင့် အာဆီယံ-ရုရှား အဆင့်မြင့်အရာရှိကြီး H.E. Igor Morgulov တို့မှ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ အာဆီယံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၌ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ပြီး အာဆီယံ၏ အချက်အခြာကျမှုကို အလေးထား၍ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် (၄) ကြိမ်မြောက် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက် နှင့် အာဆီယံ-ရုရှားလုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ တို့ကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရေး ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြပါသည်။ ၂၄-၄-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ ခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ဆောင်ရန် အတွက် အာဆီယံ၏ ဦးဆောင်ဦးရွက်ပြုမှုများကို အစည်းအဝေးက ထောက်ခံခဲ့ ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတွက် အာဆီယံညှိနှိုင်းရေးစင်တာမှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများကို ချီးကျူးခဲ့ကြပါသည်။
အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အာဆီယံ-ရုရှားပူးပေါင်းဆောင်ရွက်မှု၌ ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုခဲ့ပါသည်။ အမြဲတမ်းအတွင်းဝန်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျန်းမာရေး နှင့် ပြည်သူအချင်းချင်းဆက်နွယ်မှုတို့ကို ဉီးဆောင်ဆွေးနွေးခဲ့ပြီး၊ အရေးပါသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးတွင် အာဆီယံ နှင့် ရုရှားပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက် မပြတ် တိုးမြှင့်သွားရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

