

(၂၀-၅-၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဂျကာတာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဂျကာတာဆွေးနွေးပွဲကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် အာဆီယံဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးရာမူဝါဒအသိုက်အဝန်းနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနမှ အရာထမ်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝါရင့် သံအမတ်ကြီး၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ ဆက်လက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂ အာရှပစိဖိတ်ရေးရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင်၊ စာရင်းအင်းဌာန၊ စာရင်းအင်း အချက်အလက်များစီမံခန့်ခွဲမှု ဌာနအကြီးအကဲ တို့ကလည်း keynote presentations များ ပြုလုပ်ခဲ့ကြပါသည်။
အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းအစီအစဉ် မိတ်ဆက်ပေးသည့်အတွက် တရုတ်နိုင်ငံအားလည်းကောင်း၊ ဆွေးနွေးပွဲကို ပူးတွဲ ကျင်းပပေးခဲ့သည့် ဂျကာတာရှိ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် တရုတ်အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတို့နှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးရာမူဝါဒအသိုက်အဝန်း တို့အားလည်းကောင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့ စီးပွားရေးပြန်လည်နာလန်ထူရေးတွင် ကိုဗစ်-၁၉ ကူးစက်မှု၊ ဈေးကွက်တွင် လုပ်သားအင်အား စိန်ခေါ်မှုများ ဆက်လက်ရှိနေမှု၊ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများ ဆက်လက်ရှိနေခြင်းနှင့် ကုန်ဈေးနှုန်း ဆက်လက် ကြီးမြင့်နေမှုကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ထို့အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂၀၃၀ ကို အကောင်အထည်ဖော် ဆောင်ရာတွင်လည်း စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြ ရန် အမြဲတမ်းအတွင်းဝန်က တိုက်တွန်းခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အောက်တွင် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ ကို အကောင်အထည်ဖော်ရန် အာဆီယံ၏ကြိုးပမ်းမှုကို အရှိန်မြှင့်တင်နိုင်ရန် အာဆီယံဘက်စုံပြန်လည် ထူထောင် ရေးမူဘောင်ကို အခြေခံ၍ အာဆီယံ နှင့်တရုတ်နိုင်ငံတို့အကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာကောင်းများကို အကြံပြုနိုင်ရေး ဆွေးနွေးကြရန် တိုက်တွန်းခဲ့ပါသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဆိုင်ရာ သဘောတရားအပေါ် အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး ဒေသတွင်း စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများပေးမည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်နှင့် အပြန်အလှန် အထောက်အကူပြုစေနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

