(၂၇-၁၀-၂၀၂၆၊ ကိုလံဘို)
သီရိလင်္ကာနိုင်ငံဆိုင်ရာ သံတမန်အဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သံတမန်နေ့ ၂၀၂၆ အထိမ်းအမှတ်အခမ်းအနားကို ၂၄-၁၀-၂၀၂၆ ရက် (စနေနေ့) တွင် ကိုလံဘိုမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်နှင့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး မစ္စတာ ဗီဂျီတာ ဟဲရတ် က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ ကိုလံဘိုအခြေစိုက် သံရုံး/ အဆင့်မြင့်ကော်မရှင်ရုံး ၂၂ ရုံးနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ရုံးတို့မှ သံတမန်များနှင့် ဝန်ထမ်းများ၊ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်းလူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သံတမန်အဖွဲ့၏ ဥက္ကဋ္ဌနှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး မစ္စစ် ဒေဝီ ဂူစတီနာ တိုဘင်း၊ ကုလသမဂ္ဂ၏ သီရိလင်္ကာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ မာ့ခ်-အန်ဒရေ ဖရန်ရှ် နှင့် သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး မစ္စတာ ဗီဂျီတာ ဟဲရတ်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် သံရုံးများမှ စုပေါင်းလှူဒါန်းသည့် ကျောင်းသုံးပစ္စည်းများ၊ စာရေးကိရိယာများနှင့် အခြေခံစားကုန်များပါဝင်သည့် လှူဒါန်းပစ္စည်းများကို သီရိလင်္ကာနိုင်ငံ သံတမန်အဖွဲ့ကိုယ်စား တက်ရောက်လာသည့် သံအမတ်ကြီး/ အဆင့်မြင့်ကော်မရှင်နာများက သီရိလင်္ကာနိုင်ငံခြားရေး ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတစ်ဆင့် ဒေသခံပြည်သူများထံသို့ ဖြန့်ဝေလှူဒါန်းနိုင်ရေး ပေးအပ်ခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာ သံတမန်နေ့ အထိမ်းအမှတ်အဖြစ် ကြက်တောင်၊ ဘော်လီဘော၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်နှင့် ဒိုမီနိုကစားနည်းများအပါအဝင် အားကစားနှင့် အပန်းဖြေလှုပ်ရှားမှုများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့အပြင် သီရိလင်္ကာ ရိုးရာကစားနည်းများ၊ ကာရာအိုကေသီဆိုခြင်းနှင့် ကလေးများအတွက် လှုပ်ရှားမှုများကိုလည်း စီစဉ်ပေးခဲ့ပါသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံများအလိုက် ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ရာ၊ မြန်မာသံရုံးမှလည်း “မုန့်ဟင်းခါး” ဖြင့် ပါဝင်ကျွေးမွေးဧည့်ခံခဲ့ပါသည်။
ယခုအစီအစဉ်သည် သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ရင်းနှီးနွေးထွေးမှုတို့ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုသည့်အပြင် သံတမန်အသိုက်အဝန်း၏ လူမှုအကျိုးပြုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနှင့် သီရိလင်္ကာပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးတို့ကို အထောက်အကူပြုခဲ့ပါသည်။





