“Introducing Myanmar Culture and Tourism” အမည်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

(၁၁-၅-၂၀၂၂ ရက်၊ နန်နင်း)

၁။ ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိခိုက်ခဲ့ရသည့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည် နာလန်ထူလာရေးအတွက် တစ်ဖက်တစ်လမ်းမှ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များနှင့် ထူးခြားလှပသည့် ခရီးသွားနေရာများကို တရုတ်ပြည်သူများ သိရှိနားလည်စေရန်၊ ကိုဗစ်ကပ်ရောဂါကာလအလွန် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များအပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ကျင်းပပြုလုပ်ရန်ရှိသည့် မြန်မာနိုင်ငံမှ နှစ်စဉ် ပါဝင်တက်ရောက်လျက်ရှိသော (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့သည် နန်နင်းမြို့ရှိ Nanning Win Win Hotel နှင့်ပူးပေါင်း၍ “Introducing Myanmar Culture and Tourism” အမည်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးပြပွဲ ဖွင့်ပွဲအခမ်းအနားကို သတ်မှတ်ထားသည့် ကိုဗစ်ရောဂါတားဆီး ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၂ ခုနှစ်၊ မေလ (၁၁) ရက်နေ့တွင် Nanning Win Win Hotel ၌ စီစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကွမ်ရှီးနိုင်ငံခြားရေးရုံး၊ နန်နင်းမြို့နိုင်ငံခြားရေးရုံး အပါအဝင် တရုတ်အစိုးရဌာနမှ အကြီးအကဲများ၊ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ တရုတ်စီးပွားရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၄၉)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ ဖွင့်ပွဲအခမ်းအနားသို့ Tik Tok၊ Hongkong/ Sina Weibo၊ China-ASEAN Panorama Magazine၊ Guangxi Daily Newspaper၊ Guangxi Radio and Television နှင့် Hong Kong Commercial Newspapers စသော နာမည်ရ သတင်းမီဒီယာအဖွဲ့များကို ဖိတ်ကြား၍ သတင်းရယူစေခဲ့ပြီး အဆိုပါ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြသွားမည်ဖြစ်ပါသည်။

၄။ တက်ရောက်လာသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသော မြန်မာ့ရိုးရာဝတ်စုံများ၊ ကျောက်စိမ်းထည်များ၊ မြန်မာ့ အထင်ကရ ရှုခင်းဓါတ်ပုံများ၊ ယွန်းထည်ပန်းချီကားများ၊ ကျောက်စီပန်းချီကားများ၊ မြန်မာ့ရိုးရာ စောင်းတူရိယာ၊ မြန်မာ့ရိုးရာဆွမ်းအုပ်၊ ယွန်းထည်များ၊ ငွေထည်များ၊ မြန်မာ့သနပ်ခါး၊ လက်ဖက်ခြောက် စသည့် မြန်မာ့ထွက်ကုန်များကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

၅။ ဧည့်သည်တော်များကို တည်ခင်းဧည့်ခံသည့် အကျွေးအမွေးအစီအစဉ်၌ မြန်မာ့ ရိုးရာအစားအစာ အုန်းနို့ခေါက်ဆွဲနှင့် လက်ဖက်ပွဲတို့ကိုပါ ထည့်သွင်းဧည့်ခံခဲ့ကာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပေးပို့ထားသည့် တရုတ်ဘာသာ နောက်ခံစကားပြော မြန်မာ့ခရီးသွား မြှင့်တင်ရေးဗွီဒီယိုများ၊ မြန်မာ့ယဉ်ကျေးမှု အကအလှ ဗွီဒီယိုများကို ဖွင့်လှစ်ပြသခဲ့ပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပြပွဲကို အဆိုပါဟိုတယ်၌ ၂၀၂၂ ခုနှစ်၊ မေလ (၁၁)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ (၁)လကြာ ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။