“Guangxi 2023 Double-three Shopping Festival” Happy Go in ASEAN အခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်(၂၆-၅-၂၀၂၃ ရက်)

(၂၆-၅-၂၀၂၃ ရက်၊ နန်နင်း)

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ China-ASEAN Featured Commodity Distribution Center ၌ “Guangxi 2023 Double-three Shopping Festival” Happy Go in ASEAN အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာပြခန်း စီစဉ်ပြသခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ကွမ်ရှီးကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Yang Chunting ၊ နန်နင်းမြို့အခြေစိုက် မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအို ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များ၊ စီးပွားရေးသံမှူးများ၊ China-ASEAN Mercantile Exchange မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများနှင့် ကွမ်ရှီးဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကွမ်ရှီးကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြား၍ ရောင်းချသူနှင့် ဝယ်ယူသူကိုယ်စားလှယ်များက အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက “Guangxi 2023 Double-three Shopping Festival” Happy Go in ASEAN အစီအစဉ်၌ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

မြန်မာပြခန်း၌ သရက်သီး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆန်၊ ဆန်ကွဲ၊ မြန်မာဘီယာ၊ မြန်မာဝိုင်၊ လက်ဖက်ခြောက်၊ အသင့်စားကော်ပြန့်လိပ်များ၊ ပုသိမ်ထီး၊ ယွန်းထည်နှင့် သစ်သားလက်မှုထည်များကို ခင်းကျင်းပြသခဲ့ပြီး၊ စိန်တလုံးသရက်သီးများကို နမူနာ ကျွေးမွေးဧည့်ခံခဲ့ရာ ကြိုက်နှစ်သက်သူ များပြားသဖြင့် ဈေးကွက်ရရှိနိုင် မည့် အလားအလာများရှိနေကြောင်း သိရှိရပါသည်။