အာဆီယံမိသားစုနေ့ပွဲတော်တွင် နယူးဒေလီမြို့၊ မြန်မာသံရုံး ပါဝင်ဆင်နွှဲ

(၂၅-၁၀-၂၀၂၆၊ နယူးဒေလီ)

ASEAN New Delhi Committee (ANDC) ၏ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံမိသားစုနေ့ပွဲတော်ကို ၂၅-၁၀-၂၀၂၆ ရက်နေ့ ၀၉၀၀ နာရီအချိန်တွင် ဖိလစ်ပိုင်နိုင်ငံသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေး ဦးဆောင်၍ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အဆိုပါ အာဆီယံမိသားစုနေ့ပွဲတော် မစတင်မီ အာဆီယံနိုင်ငံသံရုံးများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များက စီတန်းလှည့်လည်၍ နေရာယူပြီးနောက် အာဆီယံနိုင်ငံ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများက အိုလံပစ်မီးရူးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်၍ မီးထွန်းညှိကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံသီချင်းဖွင့်လှစ်၍ စုပေါင်းဂုဏ်ပြုခဲ့ကြပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြပါသည်။ အာဆီယံနိုင်ငံသံရုံးများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များသည် အဆိုပါပွဲတော်၏ အားကစားပွဲများတွင် နိုင်ငံအလိုက် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အာဆီယံရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး မြန်မာသံရုံးအနေဖြင့်လည်း မြန်မာ့ရိုးရာစားစရာများဖြင့် ပါဝင်ကျွေးမွေးဧည့်ခံခဲ့ပါသည်။