(၂၀-၁၀-၂၀၂၆၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် အိန္ဒိယစီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာအဖွဲ့အစည်း (Indian Economic Trade Organization – IETO) ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ၁၉-၁၀-၂၀၂၆ ရက်၊ ၁၅၀၀ နာရီအချိန်တွင် နယူးဒေလီမြို့ရှိ အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအဖွဲ့ချုပ်ရုံး (Federation of Indian Export Organizations – FIEO) ၌ Innovate today. Nourish tomorrow. ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက်များ (Agricultural Value Chains) ကို ခိုင်မာအားကောင်းစေရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို မြှင့်တင်ရေး၊ စားနပ်ရိက္ခာ ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရေးနှင့် ပေါ်ပေါက်လာနေသော စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရေးတို့နှင့်ပတ်သက်၍ သံတမန်ရေးရာ ဆက်ဆံဆောင်ရွက်မှုများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အိန္ဒိယကုန်သွယ်မှုဆိုင်ရာ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။




