ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းမြို့ရှိ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းများနှင့် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ခြင်း

(၂၇-၉-၂၀၂၆၊ စစ်တကောင်း)

သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၂၃-၉-၂၀၂၆ ရက်နေ့မှ ၂၅-၉-၂၀၂၆ ရက်နေ့အထိ စစ်တကောင်းမြို့သို့ သွားရောက်ခဲ့စဉ်ကာလအတွင်း World Trade Center ရှိ စစ်တကောင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်၌ စစ်တကောင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Md Amirul Haque ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ Hotel Agrabad ၌ စစ်တကောင်းအမျိုးသမီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CWCCI) မှ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့လည်းကောင်း၊ Chittagong Metropolitan Chamber of Commerce and Industry ရုံးချုပ်၌ Chittagong Metropolitan Chamber of Commerce and Industry ဥက္ကဋ္ဌ Mr. Khalilur Rahman ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ Hotel Agrabad ၌ Khatunganj Chamber of Commerce and Industry မှ ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း ပြုလုပ်ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုများအတွင်း အဓိကအားဖြင့် တိုက်ရိုက်ကုန်သွယ်ရေလမ်းကြောင်းပြေးဆွဲနိုင်ရေး၊ လေကြောင်းတိုက်ရိုက်ပြေးဆွဲပျံသန်းရေး၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍတို့တွင် နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး၊ နှစ်ဖက်စီးပွားရေးအသင်းအဖွဲ့များအကြား အွန်လိုင်းအစည်းအဝေးများ ကျင်းပနိုင်ရေး၊ ကုန်စည်ပြပွဲများနှင့် ဖိုရမ်များသို့ အပြန်အလှန် ဖိတ်ကြားသွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။