(၁၈-၉-၂၀၂၆၊ လော့စ်အိန်ဂျယ်လိစ်)
လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် The Los Angeles Consular Corps Spouses Association (LACCSA) ၏ ဖိတ်ကြားချက်အရ လော့စ်အိန်ဂျယ်လိစ် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြီးမှူးကျင်းပသည့် ဆိပ်ကမ်းလေ့လာရေးခရီးစဉ်သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် လော့စ်အိန်ဂျယ်လိစ် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး Ms. Marisela Caraballo DiRuggiero က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် လော့စ်အိန်ဂျယ်လိစ် ဆိပ်ကမ်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆိပ်ကမ်းအား လိုက်လံပြသခဲ့ပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကောင်စစ်ဝန်ချုပ်သည် လော့စ်အိန်ဂျယ်လိစ်ဆိပ်ကမ်း၌ ကုန်စည်စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုစနစ်များ၊ သင်္ဘောကွန်တိန်နာများ လုပ်ငန်းလည်ပတ်နေမှုများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အခန်းကဏ္ဍတို့ကို လေ့လာကြည့်ရှုခဲ့ပါသည်။ လေ့လာရေးခရီးစဉ်သို့ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များ၊ LACCSA အဖွဲ့ဝင်များ၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများ၊ Impact Global Advisors အဖွဲ့မှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။


