(၃၁-၈-၂၀၂၃ ရက်၊ မော်စကို)
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုအစိုးရအဖွဲ့ဝန်ကြီး၊ မော်စကိုပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ H.E. Mr. Sergey Cheremin ၏ ဖိတ်ကြားချက်အရ မော်စကိုအစိုးရအဖွဲ့ Situation Center တွင် ၂၄-၈-၂၀၂၃ ရက်မှ ၂၅-၈-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် International Transport Summit 2023 ၏ Business Programme များသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါထိပ်သီးအစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ ဦးဆောင်ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြပါသည်။
ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ မော်စကိုဒုတိယမြို့တော်ဝန် H.E. Mr. Maksim Liksutov က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် A success story – an overview of Moscow’s recent achievements ခေါင်းစဉ်ဖြင့် Moscow Transport Complex Development မှ ကျွမ်းကျင်သူ Speaker များက ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်ပနိုင်ငံများမှ Speaker များက Overview of Best Global Practices အောက်ရှိ ၎င်းတို့နိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးစနစ်များအကြောင်းကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ဒုတိယနေ့ဖြစ်သည့် ၂၅-၈-၂၀၂၃ ရက်တွင် Urban Transport Data project နှင့်စပ်လျဉ်း၍ မော်စကိုအစိုးရအဖွဲ့ ပို့ဆောင်ရေးနှင့် လမ်းပန်းဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဌာနမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသည့်နိုင်ငံများမှ ကိုယ်စားလှယ်များအား Urban Transport Data project တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခဲ့ပါသည်။
ထို့နောက် International round table 1 ကို ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က Session 1.2 ၏ Transport, ecology, and health ခေါင်းစဉ်အောက်၌ “Transport, Ecology and Health in Nay Pyi Taw, Myanmar” နှင့် “Sustainable and Smart Urban Transport System in Yangon, Myanmar” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် သံအမတ်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် International round table 2 ၏ Session 2.1 ၌ Water & alternative urban transport ၊ Session 2.2 ၌ Parking ၊ Session 2.3 ၌ E-services and ITS အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့မှုများအနက် Session 2.2 Parking ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများကို ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲများတွင် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီးနောက် ထိပ်သီးအစည်းအဝေး၏ Business Programme အခမ်းအနားများ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် ဥရောပ၊ အရှေ့တောင်အာရှ၊ တောင်အမေရိက၊ အလယ်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများမှ မြို့တော်ဝန်များ၊ ဝန်ကြီးများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာအရာရှိကြီးများနှင့် နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။




