(၃၁-၇-၂၀၂၆၊ ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၉-၇-၂၀၂၆ ရက် (ဓမ္မစကြာအခါတော်နေ့) တွင် ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန်း မြန်မာကျောင်းတိုက်၌ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရောက်ရှိနေထိုင်ကြသော မြန်မာအသိုက်အဝန်းက စုပေါင်းကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့်အတူ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့်အတူ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပါသည်။
ချင်းမိုင်မြို့၊ မြန်မာအသိုက်အဝန်းက ကျင်းပပြုလုပ်ခဲ့သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့ မိသားစုဝင်များက စတုဒိသာကျွေးမွေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားသော ချင်းမိုင်ရမ်ဆေးရုံသည် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ လာရောက်ကြသည့် မြန်မာနိုင်ငံသားများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မေတ္တာဖြင့် အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ပါသည်။



