(၁၃) ကြိမ်မြောက် နိုင်ငံတကာယဉ်ကျေးမှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကောင်စစ်ဝန်ချုပ် တက်ရောက် (၂၀-၉-၂၀၂၄)

(၂၀-၉-၂၀၂၄၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၀-၉-၂၀၂၄ ရက်၊ နေ့လယ်ပိုင်းတွင် ချုံချင့်မြူနီစီပယ်အစိုးရ ပြည်သူ့ဝန်ဆောင်မှုဌာန နှင့် ချုံချင့်မြို့ နိုင်ငံတကာကုန်စည်ပြပွဲဌာနတို့ ဦးစီးကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် နိုင်ငံ တကာ ယဉ်ကျေးမှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ ပြည်သူ့ဝန်ဆောင်မှု ဌာန၊ နိုင်ငံခြားရေးရာဌာန၊ စီးပွားရေးရာဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနများမှ တာဝန် ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်သူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါကုန်စည်ပြပွဲအား တရုတ်နိုင်ငံရှိ ပြည်နယ်များနှင့် နိုင်ငံတကာအကြား ယဉ်ကျေးမှု ဖလှယ်ရန်နှင့် ကုန်သွယ်မှုချဲ့ထွင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ တရုတ်ပြည်တွင်းမှ ချုံချင့်မြူနီ စီပယ်မြို့၊ ဟူပေပြည်နယ်၊ ကွမ်တုံပြည်နယ်နှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအပါအဝင် ဂျာမနီ၊ ဘယ်လာရုဇ်၊ ပါကစ္စတန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျ နှင့် အခြားပြည်ပနိုင်ငံစုစုပေါင်း (၁၃)နိုင်ငံတို့ ပါဝင်ပြသခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါပြပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်း ရှင် အမျိုးသမီးများကွန်ယက် (MWEN) ၏ ပံ့ပိုးမှုဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံ လက်မှုပစ္စည်းများနှင့် မြန်မာ့ရိုးရာအစားအစာများ ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။