အာဆီယံ-ဆိုးလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်လက်ခံ(၉-၁-၂၀၂၄ ရက်)

(၉-၁-၂၀၂၄ ရက်၊ ဆိုးလ်) 

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ၁၈၃၀ နာရီတွင် လာအိုသံရုံးမှ မြန်မာသံရုံးသို့ အာဆီယံ-ဆိုးလ်ကော်မတီ (ASEAN Committee in Seoul- ACS) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် တရားဝင်လွှဲပြောင်းသည့် အခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတွင် လာအိုသံအမတ်ကြီးက ၎င်းတို့သံရုံးက တာဝန်ယူစဉ်ကာလအတွင်း ACS အနေဖြင့် အိမ်ရှင်ကိုရီးယားသမ္မတနိုင်ငံအစိုးရနှင့် ထိတွေ့ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအပါအဝင် ASEAN Korea Centre (AKC) နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ၎င်းတာဝန် ယူစဉ်ကာလအတွင်း လုပ်ငန်းပြီးပြတ်ခြင်းမရှိသေးသည့် ကိစ္စရပ်များနှင့် အာဆီယံ ကော်မတီ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ACS ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာသံအမတ်ကြီးက ကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ACS ကော်မတီနှင့် အိမ်ရှင်အစိုးရနှင့် အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့် ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

မြန်မာသံရုံးအနေဖြင့် အာဆီယံ-ဆိုးလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လကြာ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။