(၁၅-၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများတွင် သံရုံးယာယီတာဝန်ခံ/ သံရုံးဒုတိယအကြီးအကဲများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တွဲဖက်တာဝန်ပေးစေလွှတ်ရန် လျာထားသည့် အရာထမ်းများအတွက် အဆင့်မြင့်သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် သံတမန်ရေးရာကိစ္စရပ်များနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို စိတ်ပါဝင်စား၍ လေ့လာလိုသူများအတွက်ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၅-၁-၂၀၂၄ ရက်၊ နံနက် (၁၀:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(၁) ဦးကျော်မျိုးထွဋ်မှ တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၂) ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ဆရာမကြီးများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆင့်မြင့်သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၁၅-၁-၂၀၂၄ ရက်နေ့မှ ၂၃-၂-၂၀၂၄ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ၊ ၁၃:၃၀ နာရီမှ ၁၆:၃၀ နာရီအထိ ရက်သတ္တ(၆)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။
အဆင့်မြင့်သံတမန်ရေးရာသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများသာမက ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ်တာဝန်ထမ်းဆောင်မည့် အရာထမ်းများ စုစုပေါင်း(၃၆)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းသည် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများတွင် သံရုံးအကြီးအကဲဖြစ်သူ သံအမတ်ကြီးများအား အဓိကအထောက်အကူပြု ပံ့ပိုးကူညီပေးနိုင်ရန်အတွက်လည်းကောင်း၊ သံအမတ်ကြီး (ကိုယ်စား) သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအနေဖြင့်လည်း သံရုံးလုပ်ငန်းသဘောသဘာဝအား ကြိုတင်သိရှိနားလည်ပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ဆောင်ရွက်ခြင်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းကို ၂၀၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်မည့် သင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) ကို ၁၅-၁-၂၀၂၄ ရက်နေ့မှ ၅-၄-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် (၇:၀၀)နာရီမှ (၉:၀၀) နာရီအထိ ရက်သတ္တ (၁၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄)တွင် နိုင်ငံ့ဝန်ထမ်းများသာမက သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာများအား စိတ်ပါဝင်စားသော ပြင်ပပုဂ္ဂလိကနယ်ပယ်အသီးသီးမှ လေ့လာလိုသူ သင်တန်းသား/သူ (၂၀၀) ဦးခန့် တက်ရောက်ကြမည်ဖြစ်ပြီး သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီစဉ်ညှိနှိုင်းခြင်းနှင့် နိုင်ငံတကာအစည်းအဝေးကျင်းပခြင်းစသည့် ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
**********************************************








