(၁၁-၁၀-၂၀၂၆၊ တိုကျို)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (တိုကျို) ၏ ACT Family Day 2026 ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ (စနေနေ့) တွင် တိုကျိုမြို့ရှိ Yumenoshima Park, Archery Field တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ထွန်း ဦးဆောင်၍ မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါပွဲတော်အား ယခုနှစ်တွင် ဘရူနိုင်းသံရုံးက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အာဆီယံ-ဂျပန်စင်တာမှ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Wan Hadfi Lutfan Bin Haji Abdul Latif၊ လက်ရှိ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဌဖြစ်သူ စင်ကာပူသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Li Lin နှင့် အာဆီယံ-ဂျပန်စင်တာမှ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။
မြန်မာသံရုံးအနေဖြင့် အာဆီယံမိသားစုနေ့တွင် မြားပစ်ပြိုင်ပွဲ၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ပင်ပေါင်ပြိုင်ပွဲများကို တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အဆိုပါ အာဆီယံမိသားစုနေ့ပွဲတော်သည် အမျိုးမျိုးသော ဂိမ်းကစားနည်းများ၊ လှုပ်ရှားမှုများမှတစ်ဆင့် ပါဝင်တက်ရောက်သူများအား အာဆီယံသံရုံးများနှင့် ရင်းနှီးချစ်ကြည်မှုကို တိုးမြှင့်စေပြီး၊ နိုင်ငံအလိုက်မတူညီသည့် အစားအစာများကို ပြသဖလှယ်ခွင့် ရရှိစေခဲ့ပါသည်။ မြန်မာသံရုံး၊ တိုကျိုမြို့မှလည်း မြန်မာလက်ဖက်ရည်နှင့် ကြာဇံကြော်တို့ဖြင့် ပါဝင်ဧည့်ခံခဲ့ပါကြောင်း သိရှိရပါသည်။


