“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ တစ်တပ်တစ်အား ပါဝင်လှူဒါန်း(၂၀-၆-၂၀၂၃ ရက်)

(၂၀-၆-၂၀၂၃ ရက်၊ ဟနွိုင်း)
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာသံရုံး၊ ဟနွိုင်းမြို့အနေဖြင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံနှင့်တွဲဖက်၍ စီမံကိန်းများ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းကုမ္ပဏီများသို့ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများထံသို့ လည်းကောင်း၊  တရားဝင်စာများ ပေးပို့ခြင်း၊ မြန်မာသံရုံး Social Media များမှလည်း ကြော်ငြာခြင်း တို့ဖြင့် အလှူငွေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် မေတ္တာရပ်ခံအကြောင်းကြားခဲ့ပါသည်။
ထိုသို့ မေတ္တာရပ်ခံခဲ့သည့်အတွက် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများ တို့မှ  ပေးပို့လှူဒါန်းလျက်ရှိပါသည်။
ထို့အပြင် မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လေဘေးဒဏ်သင့်ပြည်သူများ၏ စားဝတ်နေရေးအား အထိုက်အလျောက် အထောက်အပံ့ဖြစ်စေရန်အတွက် သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့် ဇနီး ဒေါ်အေးအေးနွဲ့၊ မြန်မာသံရုံး အရာထမ်း၊ အမှုထမ်းများမှ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှလည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများမှ လည်းကောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၄,၃၃၆) နှင့် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) တို့အား စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။