ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်း ကျော်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ တာဝန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေးမူဝါဒအပါအဝင် သံတမန်ရေးရာများ၊ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံရေးရာကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်သည့် လက်တွေ့ကျွမ်းကျင်မှုများကို တာဝန်ရှိသူများက သင်တန်းကာလ ရက်သတ္တ (၈) ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။






