(၂၃-၁၀-၂၀၂၆၊ အဘူဒါဘီ)
ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အဘူဒါဘီမြို့ရှိ Anwar Gargash Diplomatic Academy ၌ ၂၂-၁၀-၂၀၂၆ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ကုလသမဂ္ဂ ရေထုဆိုင်ရာညီလာခံ (2026 United Nations Water Conference) နှင့်ပတ်သက်၍ ဒုတိယအကြိမ် သံတမန်များသို့ ရှင်းလင်းတင်ပြမှု အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စွမ်းအင်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Abdulla Balalaa က အဖွင့်အမှာစကားနှင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးရာဌာနမှ ဒါရိုက်တာ Shaima Gargash နှင့် Salama bint Hamdan Foundation မှ မန်နေဂျာ Meera Al Mutawa တို့က ညီလာခံပြင်ဆင်မှု အခြေအနေ၊ အစီအစဉ် ရေးဆွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြကာ တက်ရောက်လာကြသည့် သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် တက်ရောက်လာကြသော သံအမတ်ကြီးများ၊ ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ယူအေအီးနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ၊ သံရုံး ဒုတိယအကြီးအကဲများ၊ သံတမန်အသိုက်အဝန်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ကုလသမဂ္ဂ ရေညီလာခံသည် ဘေးကင်းသန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မိလ္လာစနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲရေးနှင့် ရေဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် အရေးပါသော နိုင်ငံတကာဖိုရမ်တစ်ခု ဖြစ်ပါသည်။

