IKEBANA International Fair 2023 သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ ပါဝင်ဆင်နွှဲ (၁၂-၁၂-၂၀၂၃)

(၁၂-၁၂-၂၀၂၃ ရက်၊ တိုကျို)

တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲ ၂၀၂၃ ( IKEBANA International Fair 2023) အား ၁၂-၁၂-၂၀၂၃ ရက်တွင် တိုကျိုမြို့ရှိ Royal Park Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား ပါဝင်ခင်းကျင်း ပြသရောင်းချခဲ့ပါသည်။

အဆိုပါ IKEBANA International Fair 2023 သို့ H.I.H Princess Takamado ၊  ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၏ ဇနီး၊ ယခင်နိုင်ငံခြားရေးဝန်ကြီး Hayashi ၏ ဇနီး၊ တိုကျိုမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ ဇနီးများ၊ ဂျပန်နိုင်ငံသားများအပြင် စိတ်ပါဝင်စားသူ အများအပြား လာရောက်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါပြပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီ များ၊ အဖွဲ့အစည်းများအပြင် အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိက ဒေသနိုင်ငံများရှိ သံရုံးများမှ ပြခန်းများနှင့် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များ၊ ရုံးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများအား ပါဝင်ပြသ ရောင်းချခဲ့ကြပါသည်။ 

IKEBANA International Fair 2023 ဖွင့်ပွဲအခမ်းအနားတွင် H.I.H Princess Takamado မှ အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် H.I.H Princess Takamado သည် ဂျပန်အီကေဘားနား ပန်းပြပွဲတွင် ခင်းကျင်းပြသထားမှုများ၊ သံရုံးပြခန်းဆိုင်ခန်းများနှင့် ဂျပန်ကုမ္ပဏီအဖွဲ့အစည်းများ၏ ပြခန်းဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုဝယ်ယူအားပေးခဲ့ပြီး သံအမတ်ကြီးများ၏ ဇနီးများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။

IKEBANA International Fair 2023 တွင် မြန်မာသံရုံးမှ ပြခန်းတစ်ခန်းဖွင့်လှစ်၍ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ငွေထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ မြန်မာ့ရွှေချည်ထိုး၊ ငွေချည်ထိုး လက်မှုအသုံးအဆောင်များ၊ မြန်မာ့သစ်ဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ပိုးနှင့် ချည်ထည်အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ကော်ဖီထုတ်ကုန်များ၊ မြန်မာ့သစ်သားအား ဂျပန်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ သဘာဝအလှအပများ၊ သတင်း အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း လာရောက်ကြည့်ရှုသူများအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။