ဒိုဟာဖိုရမ်၂၀၂၃ သို့ မြန်မာသံအမတ်ကြီး တက်ရောက်(၁၃-၁၂-၂၀၂၃ ရက်)

(၁၃-၁၂-၂၀၂၃ ရက်၊ ကူဝိတ်)

(၂၁) ကြိမ်မြောက် ဒိုဟာဖိုရမ် ၂၀၂၃ အစည်းအဝေးကို ကာတာနိုင်ငံ၊ ဒိုဟာမြို့ Sheraton Hotel ၌ ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၁-၁၂-၂၀၂၃ ရက်နေ့အထိ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့ရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးမှ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားသို့ ကာတာနိုင်ငံအကြီးအကဲ ရှိတ်တာမင်ဘင်ဟာမက် အာလ်သာနီ၊ ကိုဆိုဗိုသမ္မတ ဒေါက်တာဗီဂျိုဆာ အိုမာနီဆာဒူ၊ ဆီနီဂေါသမ္မတ မာကီဆော၊ ဂျော်ဒန် ဝန်ကြီးချုပ် ဒေါက်တာဘီရှာ အယ်လ်ကာရှ် ဆာဝမ်၊ ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် စတေ့ယာ၊ ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက်ဘင် အဗ္ဗဒူရှ် မန်ဘင် ဂျာဆင်အယ်လ်သာနီ၊  ဇန်ဇီဘာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတ ဒေါက်တာ ဟူစိန် အာလီမန်ဝီလ် အပါအဝင် နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ဝင် အကြီးအကဲများ၊  သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး အာလီဆာဘီ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အာဒူမိုမန်၊ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အေမန်အယ်လ် ဆာဖာဒီ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် နိုင်ငံကိုယ်စားပြု သံအမတ်ကြီးများ အပါအဝင် စုစုပေါင်း(၇၅)နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ယို ဂူတာရက်စ်၊ လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ ဒန့်နစ်ဖရန့်စစ်၊ GCC နိုင်ငံများ အတွင်းရေးမှူးချုပ် ဂျာဆင်မိုဟာမက် အာဘူဒါဝီ အပါအဝင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့ အစည်းများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါသည်။ 

ဒိုဟာဖိုရမ်သည် သံတမန်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် မတူကွဲပြားမှုစသည်တို့ကို နိုင်ငံတကာမှ လာရောက် ဆွေးနွေးနိုင်ရန် ကာတာနိုင်ငံက ကမကထပြု ကျင်းပပေးခြင်း ဖြစ်ပါသည်။ ယခုနှစ် ဒိုဟာဖိုရမ်၏ ခေါင်းစဉ်မှာ “Building Shared Futures” ဖြစ်ပြီး ကမ္ဘာအဝှမ်း ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ပြီး မူဝါဒရေးရာ ချမှတ်သူများအတွက် အကြံပြုမှုများကို ယခု ဆွေးနွေးပွဲမှ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။