(၁၆-၁၀-၂၀၂၆ ရက်၊ ဗီယင်ကျန်း)
လာအိုနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၅-၁၀-၂၀၂၆ ရက်တွင် ခန့်အပ်ခြင်းခံရသည့် H.E. Mr. Saleumxay KOMMASITH အား ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများက သွားရောက်ဂုဏ်ပြု ဂါရဝပြုတွေ့ဆုံသည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ သောကြာနေ့ နံနက် ၁၀၃၀ နာရီတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို အာဆီယံညှိနှိုင်းမှုအစည်းအဝေး (ဗီယင်ကျန်း) (ASEAN Consultative Meeting – ACM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာသံအမတ်ကြီး ဦးအောင်ကိုက ဦးဆောင်၍ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အာဆီယံဆိုင်ရာအဆင့်မြင့်အရာရှိကြီးဖြစ်သူ H.E. Mr. Phongsavanh SISOULATH၊ လာအိုဝန်ကြီးချုပ်ရုံးနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ မြန်မာသံအမတ်ကြီးက ASEAN Consultative Meeting ၏ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အာဆီယံသံရုံးအကြီးအကဲများကိုယ်စား ဂုဏ်ပြုစကားပြောကြားရာတွင် လာအိုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်းအတွက် အာဆီယံသံရုံး၊ အကြီးအကဲများက လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူကြပါကြောင်း၊ ဝန်ကြီးချုပ်၏ အမျှော်အမြင်၊ သံတမန်ရေးရာ အတွေ့အကြုံကောင်းများ၊ စွမ်းဆောင်ရည်နှင့် ဝါရင့်နိုင်ငံတကာ အတွေ့အကြုံကောင်းများဖြင့် ပါတီ၊ အစိုးရနှင့် လာအိုပြည်သူများ၏ အကျိုးစီးပွားများကို ဆက်လက်၍ ပိုမိုဆောင်ရွက်ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ (၁၂) ကြိမ်မြောက် လာအိုပြည်သူ့တော်လှန်ရေးပါတီညီလာခံမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များ၊ မူဝါဒများ၊ လာအိုနိုင်ငံ၏ အမျိုးသား လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (၂၀၂၆-၂၀၃၀) တို့ကို အကောင်အထည်ဖော်ခြင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ လာအိုနိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်းနှင့် အကူးအပြောင်းကာလတို့အတွက် ဝန်ကြီးချုပ်၏ စွမ်းဆောင်ရည်ကောင်းများဖြင့် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားကြပါကြောင်း၊ ထို့ပြင် လာအိုနိုင်ငံ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ အာဆီယံသံရုံးများအပေါ် အစဉ်တစိုက် ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံညှိနှိုင်းမှု အစည်းအဝေး၏ လုပ်ငန်းများ အောင်မြင်ရေးအတွက် ကူညီပံ့ပိုးနေမှုများအပေါ်လည်း ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင်လည်း လာအိုနိုင်ငံနှင့် သက်ဆိုင်ရာအာဆီယံနိုင်ငံများအကြား နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာစေရေး ကြိုးပမ်းချက်များသာမက ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် အာဆီယံ၏ ဘုံရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတို့တွင်လည်း လာအိုနိုင်ငံနှင့် အာဆီယံသံရုံးတို့အကြား ဆက်လက်၍ တက်ကြွနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်လောင်းအတည်ပြု ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် လာအိုနိုင်ငံ ဝန်ကြီးချုပ်က ယခုကဲ့သို့ အာဆီယံသံရုံးအကြီးအကဲများက တစ်စုတစ်စည်းတည်း လာရောက်၍ ဂုဏ်ပြုတွေ့ဆုံကြသည့်အတွက် များစွာဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိထံအာဆီယံနိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့ခြင်းအတွက် လှိုက်လှဲစွာ ကျေးဇူးဥပကာရတင်ရှိကြောင်းနှင့် နှုတ်ခွန်းသက်သကြောင်းများကို သံအမတ်ကြီးများထံမှ သတင်းစကားပါးပေးစေလိုပါကြောင်း၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၏ လာအိုနိုင်ငံအပေါ် အစဉ်တစိုက် ပံ့ပိုးကူညီမှုများကို အလေးအနက် တန်ဖိုးထားပါကြောင်း၊ လာအိုအစိုးရဝန်ကြီးဌာနများအနေဖြင့်လည်း အာဆီယံသံရုံးများနှင့် ဆက်လက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ကတိကဝတ်ပြုပါကြောင်းနှင့် အနာဂတ်တွင်လည်း ဝန်ကြီးချုပ်အနေဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်ကြီးများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အခမ်းအနား၌ လာအိုဝန်ကြီးချုပ်ထံသို့ အာဆီယံသံရုံးအကြီးအကဲများက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပန်းချီကားအား ပေးအပ်ခဲ့ကြသည်။



