(၁၆-၁၀-၂၀၂၆၊ ဗန်ကောက်)
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၆) ဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ အုပ်ချုပ်သူများလိုက်ပါလျက် နိုင်ငံတော်အစီအစဉ်ဖြင့် ထိုင်းနိုင်ငံလေ့လာရေးခရီးစဉ်အတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့သို့ ၁၅-၁၀-၂၀၂၆ ရက်တွင် ရောက်ရှိလာပါသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် အဆိုပါ ထူးချွန်ကျောင်းသား၊ ကျောင်းသူနှင့် အုပ်ချုပ်သူများကို မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ ကြိုဆိုဂုဏ်ပြုခဲ့ပြီး သံအမတ်ကြီးမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုလေ့လာရေးခရီးစဉ်ကို အကျိုးရှိစွာ အသုံးချ၍ ဗဟုသုတများ တိုးပွားစေရန်၊ အသိပညာအသစ်များ လေ့လာဆည်းပူးရန်နှင့် တန်ဖိုးရှိသော သင်ယူလေ့လာမှု အတွေ့အကြုံများ ရရှိစေရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူများကို နေ့လည်စာဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပါသည်။
ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် ထိုင်းနိုင်ငံဆိုင်ရာ အသိပညာ ဗဟုသုတနှင့် အတွေ့အကြုံသစ်များ လေ့လာဆည်းပူးနိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ အထင်ကရနေရာများသို့ အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ သွားရောက်လေ့လာကြမည်ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ ဆက်လက်၍ သွားရောက်လေ့လာကြမည် ဖြစ်ပါသည်။



