(၃၀-၉-၂၀၂၆၊ ဗီယင်နာ)
ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ၂၉-၉-၂၀၂၆ ရက် တွင် ဗီယင်နာ မြို့တော်ခန်းမ (Rathaus) ၌ ကျင်းပခဲ့သည့် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (CTBT) လက်မှတ်ရေးထိုးရန် စတင်ဖွင့်လှစ်သည့် နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်သည့် ဩစတြီးယားနိုင်ငံ၊ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီး H.E. Ms. Beate Meinl-Reisinger က အဖွင့်မိန့်ခွန်းပြောကြားရာတွင် နှစ် ၃၀ အတွင်း CTBTO ၏ ဆောင်ရွက်ချက်များအပေါ် ဂုဏ်ယူကြောင်း၊ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုမှန်သမျှကို တားဆီးပိတ်ပင်ရေး၊ CTBT စာချုပ် အပြည့်အဝအသက်ဝင်လာစေရေး၊ စစ်ဆေးအတည်ပြုသည့်စနစ်များကို ထိန်းသိမ်းမြှင့်တင်ရေးတို့ကို ပြန်လည်ကတိကဝတ်ပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။ CTBTO ၏ အမှုဆောင်အတွင်းရေးမှူး Dr. Robert Floyd က အမှာစကားပြောကြားရာတွင် CTBT စာချုပ်ပေါ်ထွက်လာပြီးနောက် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုများ သိသိသာသာ လျော့ကျလာမှုနှင့် စာချုပ်လက်မှတ်ရေးထိုးသည့်နိုင်ငံ ၁၈၈ နိုင်ငံအထိ တိုးတက်လာမှု၊ နျူကလီးယားစမ်းသပ်မှု စောင့်ကြည့်ရေးစနစ် ပိုမိုကောင်းမွန်လာမှု၊ စောင့်ကြည့်ရေးစခန်းများမှ ဒေတာများကို သဘာဝဘေးအန္တရာယ် သတိပေးစနစ်များအတွက်ပါ အသုံးပြုနိုင်ခဲ့မှု၊ CTBT စာချုပ် အပြည့်အဝအသက်ဝင်လာရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ IAEA ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် CTBTO ၏ နျူကလီးယားစမ်းသပ်မှု စောင့်ကြည့်ရေးစနစ် ကောင်းမွန်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား လက်နက်မပြန့်ပွားရေးစနစ် ပိုမိုခိုင်မာအားကောင်းလာမှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ပိုမိုအရေးပါလာမှုတို့ကို ပြောကြားခဲ့သည်။

