(၁၈-၁၁-၂၀၂၅ ရက်၊ ဆိုးလ်)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ ရှိ Korea International Exhibition Center – KINTEX) တွင် ASEAN Trade Fair 2025 ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး အာဆီယံ-ကိုရီး ယားဗဟိုဌာန (ASEAN-KOREA Centre) ၏ အတွင်းရေးမှူးချုပ်အပါအဝင် ဆိုးလ်မြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်တို့ တက်ရောက်ခဲ့ကြပါသည်။
ASEAN Trade Fair သည် တောင်ကိုရီးယားနိုင်ငံရှိ ASEAN-KOREA Centre က ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ကုန်စည်ပြပွဲတစ်ခု ဖြစ်ပါသည်။ အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ကွန်ရက်ချိတ်ဆက်မိစေရန်၊ အာဆီယံနိုင်ငံများရှိ စားသောက်ကုန်ထုတ်လုပ်သည့် SMEs များကို အားပေးရန်၊ တောင်ကိုရီးယားဈေးကွက်တွင် အာဆီယံ စားသောက်ကုန်များ ထင်ရှားလာစေရန်နှင့် ထိုမှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အားပေးရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
ASEAN Trade Fair 2025 တွင် မြန်မာနိုင်ငံမှ စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီ (၁၀) ခု ပါဝင်ပြသခဲ့ပြီး ၎င်းတို့မှာ Apiculture Resource and Business Center (ARBC) Limited.၊ Coffee Win Myanmar Co., Ltd.၊ Mudra Myay Co., Ltd.၊ Delous Co., Ltd.၊ Myanmar Pyi Thar @ Eain Chat Food Stuffs Production၊ Tharawon Shwe Company Limited၊ TTH MYANMAR Co., Ltd.၊ Ngwe Larb Minn Co., Ltd.၊ YaThar Taw Win Co., Ltd. နှင့် EL International Co., Ltd. တို့ ဖြစ်ပါသည်။
အာဆီယံ-ကိုရီးယားကုန်စည်ပြပွဲအတွင်း သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ စီးပွားရေး သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများသည် မြန်မာလုပ်ငန်းရှင်များကို သွားရောက်အားပေးခြင်း၊ ကိုရီးယားလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့အပါအဝင် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ပြီး ယခုကုန်စည်ပြပွဲမှတစ်ဆင့် စားသောက်ကုန်အချို့ တင်ပို့နိုင်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

