တိုကျိုမြို့အခြေစိုက် အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (တိုကျို) ၏ အာဆီယံမိသားစုနေ့ပွဲတော် (ASEAN Family Day) ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ (စနေနေ့)တွင် အဲဒိုကာဝါမြို့ရှိ Kasai Rinkai Park ၌ကျင်းပခဲ့ရာ အာဆီယံ သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ သံတမန် များနှင့် မိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ယခုနှစ် အာဆီယံမိသားစုနေ့ပွဲတော်ကို ဗီယက်နမ်သံရုံး က ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး၊ မြန်မာသံရုံး၊ တိုကျိုမြို့မှ အာဆီယံကော်မတီ (တိုကျို) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ကာလအတွင်း ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ အာဆီယံမိသားစုနေ့ပွဲတော်တွင် ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Pham Quang Hieu ၊ အာဆီယံကော်မတီ (တိုကျို) ၏ဥက္ကဋ္ဌဖြစ်သူ မြန်မာသံရုံး၊ သံရုံးယာယီ တာဝန်ခံ သံမှူးကြီး ဒေါ်သီရိအောင်၊ အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။
မြန်မာသံရုံးအနေဖြင့် အာဆီယံမိသားစုနေ့တွင် ကျင်းပသည့် ပြိုင်ပွဲများ၊ လှုပ်ရှားမှုများ တွင် တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။ အဆိုပါအာဆီယံမိသားစု နေ့ပွဲတော်သည် အမျိုးမျိုးသော ဂိမ်းကစားနည်းများ၊ လှုပ်ရှားမှုများမှတစ်ဆင့် ပါဝင်တက်ရောက်သူများအား အာဆီယံသံရုံး များနှင့် ရင်းနှီးချစ်ကြည်မှုကို တိုးမြှင့်စေပြီး၊ နိုင်ငံ အလိုက် မတူညီသည့် အစားအစာများကို ပြသဖလှယ်ခွင့်ရရှိစေခဲ့ပါသည်။ မြန်မာသံရုံး၊ တိုကျိုမြို့မှလည်း မြန်မာ့ရိုးရာအစားအစာ ဖြစ်သည့် အုန်းထမင်းနှင့်ကြက်သားဟင်း၊ မြန်မာလက်ဖက်ရည် တို့ဖြင့် ပါဝင်ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

