(၂၈-၁၀-၂၀၂၆၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse နှင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ/ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးအတွက်သာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အလားအလာ၊ အထူးသဖြင့် အာဆီယံရေးရာ ကိစ္စရပ်များအတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ် Mrs. Chatvadee Chindawongse မှ အာဆီယံထုတ်ပြန်ချက် (၅) ရပ်အပေါ် မြန်မာအစိုးရ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် အပြုသဘော ဖြစ်ပေါ် တိုးတက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အာဆီယံအကြား ထိတွေ့ဆက်ဆံမှုအတွက် ဆက်လက်၍ စေ့စပ်ညှိနှိုင်းပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့်ပတ်သက်၍လည်း နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။


