မြန်မာကောင်စစ်ဝန်ချုပ်မှ စတုတ္ထအကြိမ်မြောက် တရုတ်(နန်နင်း)-အာဆီယံ ယဉ်ကျေးမှုအမွေအနှစ် ရက်သတ္တပတ်နှင့် ဆောင်းဦးရာသီပွဲတော် အခမ်းအနားသို့ ပါဝင်ခဲ့ခြင်း

(၂၅-၉-၂၀၂၆၊ နန်နင်း)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် စက်တင်ဘာလ ၂၄ ရက်ညပိုင်းက နန်နင်းမြို့ရှိ ဆန်းကျဲလျန်ရှန်း (San Jie Liang Xiang) သမိုင်းနှင့် ယဉ်ကျေးမှုရပ်ကွက်၌ ကျင်းပပြုလုပ်သော “စတုတ္ထအကြိမ်မြောက် တရုတ်(နန်နင်း)-အာဆီယံ ယဉ်ကျေးမှုအမွေအနှစ် ရက်သတ္တပတ်နှင့် ဆောင်းဦးရာသီပွဲတော် အခမ်းအနား” သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကောင်စစ်ဝန်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲများ၊ နန်နင်းမြို့ ဒုတိယမြို့တော်ဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းသူ ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် သတင်းမီဒီယာများ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား အစီအစဉ်တွင် “မြန်မာ့စောင်းကောက်” တီးခတ်ဖျော်ဖြေမှုကို ထည့်သွင်းတင်ဆက်ခဲ့ရာ ကွမ်ရှီးအနုပညာတက္ကသိုလ်မှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၃) ဦးတို့က ပါဝင်ဖျော်ဖြေခဲ့ပါသည်။ ထို့ပြင် ကချင်ရိုးရာအက၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၂) နိုင်ငံမှ ဖျော်ဖြေသူများ ပူးပေါင်းပါဝင်သည့် အာဆီယံအဖွဲ့လိုက်အကဖြစ်သော “Hello” အကဖြင့်လည်း တရုတ်-အာဆီယံ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို သရုပ်ဖော်တင်ဆက်ခဲ့ပါသည်။
အခမ်းအနားတွင် ပရိသတ်များနှင့် အပြန်အလှန် မေးခွန်းမေးမြန်းသည့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပဟေဠိကဏ္ဍ (Autumn Quiz) လည်း ပါဝင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ရိုးရာတေးဂီတတူရိယာဖြစ်သော စောင်းကောက်အကြောင်းကို ထည့်သွင်းမေးမြန်းခဲ့ပါသည်။ အခမ်းအနားကို ပြန်လည်ဆုံစည်းခြင်းနှင့် အတူတကွ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုသော လမုန့်လှီးဖြတ်သော အစီအစဉ်ဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။