၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ဟောင်ကောင်ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ကျင်းပပြုလုပ်ခဲ့သော အစားအစာနှင့်အဖျော်ယမကာဈေးကွက် ချိတ်ဆက်မှုပြပွဲ (Food Expo PRO) ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့၏ ပြခန်း၌ မြန်မာ “Origin” အမှတ်တံဆိပ် Arabica ကော်ဖီစေ့များ၊ “Because” အမှတ်တံဆိပ် အသင့်ဖျော်ကော်ဖီထုတ်များ၊ “နှစ်သက်” အမှတ်တံဆိပ် မြေပဲဆီနှင့် နေကြာဆီများ၊ “Plan Bee” အမှတ်တံဆိပ်ပျားရည်များနှင့် “တင့်တင့်” အမှတ်တံဆိပ် မြန်မာ့ရိုးရာမုန့်များကို ခင်းကျင်းပြသခဲ့ပါသည်။
ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) က အဆိုပါ Food Expo PRO နှင့်အတူ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လက်ဖက်ရည်ပြပွဲ (Hong Kong International Tea Fair)၊ အစားအသောက်ပြပွဲ (Food Expo)၊ အိမ်သုံးပစ္စည်းများပြပွဲ (Home Delights Expo) နှင့် အလှအပနှင့်ကျန်းမာရေးဆိုင်ရာပြပွဲ (Beauty & Wellness Expo) များကိုပါ တစ်ပြိုင်နက်တည်း ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါပြပွဲများ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး Mr. Paul Chan Mo-po က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုအပါအဝင် ဟောင်ကောင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များနှင့် အခြားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါပြပွဲကြီး ၅ ခုအနက် Food Expo PRO နှင့် Hong Kong International Tea Fair တို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ လည်းကောင်း၊ ကျန်ပြပွဲ ၃ ခုဖြစ်သည့် Food Expo၊ Home Delights Expo နှင့် Beauty & Wellness Expo တို့ကို ဩဂုတ်လ ၁၃ ရက်မှ ၁၇ ရက်အထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး
ဟောင်ကောင်မြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်




