(၈-၈-၂၀၂၅ ရက်၊ တိုကျို)
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ (၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်း အမှတ်အခမ်းအနားအား “အားလုံးပါဝင်၍ ရေရှည်တည်တံ့သော အာဆီယံအနာဂတ်” ခေါင်းစဉ်ဖြင့် (၈-၈-၂၀၂၅) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ ကမ္ဘာ့ကုန်စည်ပြပွဲဝင်း အတွင်းရှိ National Day Hall တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ (၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနားသို့ အခမ်းအနားသို့ တိုကျိုမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံနှင့်ဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Hiroyuki Namazu နှင့် အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Satvinder Singh တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါသည်။ အဆိုပါ အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားအပြီးတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Satvinder Singh နှင့် မလေးရှား နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး H.E. Mr. Tengku Datuk Seri Utama Zafrul Tengku Abdul Aziz တို့မှ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် အိုဆာကာကမ္ဘာ့ကုန်စည်ပြပွဲအတွင်း ဖွင့်လှစ်ပြသထားသည့် အာဆီယံနိုင်ငံများမှ ပြခန်းများနှင့် ဂျပန်နိုင်ငံပြခန်းတို့အား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

