(၁၇-၄-၂၀၂၃ ရက်၊ ပေကျင်း)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ ၁၇-၄-၂၀၂၃ ရက်တွင် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးတရားတော်နာယူပွဲနှင့် အလှူဒါနပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ လင်ကွန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဆရာတော် ချန်းကျန့်နှင့် ဆရာတော်များ၊ တရုတ်နိုင်ငံ၊ သာသနာရေးဗျူရို၊ ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာရေးဗျူရိုမှ တာဝန်ရှိသူများ၊ ပေကျင်းမြို့၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး တို့မှ ဝန်ထမ်းများ၊ မိသားစုများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာ ကျောင်းသား/ကျောင်းသူများ၊ ပေကျင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်း၊ လင်ကွန်း ကျောင်းတိုက်တွင် ဗုဒ္ဓမြတ်စွယ်တော်အား လာရောက်ဖူးမျှော်ကြသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ လင်ကွန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်များက နှစ်သစ်ကူးဆုတောင်း တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ က နှစ်သစ်မင်္ဂလာဆုမွန်ကောင်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ မြန်မာစစ်သံမှူးနှင့်ဇနီး တို့မှ ဆရာတော်နှင့် ဘုန်းတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်ခဲ့ပြီး မြတ်စွာဘုရားအား ရေသပ္ပါယ်ခဲ့ပါသည်။ ထို့နောက် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များ၊ ဘုရားဖူးဧည့်သည်များအား ရွှေရင်အေးနှင့် သာကူများ ဝေငှအလှူဒါန ပြုခဲ့ကြပြီး၊ မြန်မာသံရုံး၊ မြန်မာစစ်သံရုံးနှင့် မြန်မာကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာ အကအလှများဖြင့် တင်ဆက်ကပြခဲ့ကြောင်း သိရှိရပါသည်။







