(၂၂-၃-၂၀၂၃ ရက်၊ နန်နင်း)
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် Guangxi Daily သတင်းဌာနမှ ညွှန်ကြားရေးမှူး Mr. Mo Ren Li ဦးဆောင်သောအဖွဲ့ကို ၂၂-၃-၂၀၂၃ ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ဖိတ်ခေါ်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ကောင်စစ်ဝန်ချုပ်က ကွမ်ရှီးနေ့စဉ်သတင်းစာ၊ အွန်လိုင်းမီဒီယာများ (Guangxi Cloud) တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းများ ထည့်သွင်း ဖော်ပြလိုပါသဖြင့် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံအကြောင်း မိတ်ဆက် ဖော်ပြနိုင်မည့် ခြင်းလုံး စသည့် ရိုးရာအားကစားနည်းများ၊ စောင်း၊ ပတ္တလား စသည့် ယဉ်ကျေးမှု တူရိယာပစ္စည်းများ၊ မြန်မာ့အစားအစာများ၊ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချလိုသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများ၊ စားသောက်ကုန် ပစ္စည်းများ၊ မြန်မာ့ကျောက်မျက်ရတနာများ အစရှိသည်တို့၏ အချက်အလက်များ၊ ရောင်စုံဓာတ်ပုံများ၊ မြန်မာ့ခရီးသွားကဏ္ဍနှင့်သက်ဆိုင်သည့် ဗီဒီယိုဖိုင်များ၊ ရောင်စုံဓာတ်ပုံများ၊ မြန်မာ့ ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အကအလှများပါဝင်သော ဗီဒီယိုဖိုင်များ အစရှိသည်တို့ကို ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် Mr. Mo Ren Li က ကွမ်ရှီးနေ့စဉ် သတင်းစာ၊ Guangxi Cloud စသည့် အွန်လိုင်းမီဒီယာများတွင် အလျဉ်းသင့်သကဲ့သို့ ထည့်သွင်း ဖော်ပြပေးမည်ဖြစ်ပါကြောင်းနှင့် Guangxi Daily သတင်းဌာနအနေဖြင့်လည်း မြန်မာနိုင်ငံရှိ သတင်းဌာနများနှင့် ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိုပါသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ပြန်လည်ဆွေးနွေးခဲ့ပြီး၊ ကောင်စစ်ဝန်ချုပ်နှင့် Mr. Mo Ren Li တို့သည် အနာဂတ်တွင် နှစ်ဖက် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


