နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Hong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ(၁၀-၂-၂၀၂၃ ရက်)

(၁၀-၂-၂၀၂၃ ရက်၊ နေပြည်တော်)
 
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Hong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက်(၀၉၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ 
 
ထိုသို့တွေ့ဆုံစဉ် Ms. Fang Hong က အာဆီယံ-တရုတ် ဆွေးနွေးဘက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေး၌ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ခြင်းအပါအဝင် လွန်ခဲ့သည့် နှစ်များအတွင်း အာဆီယံ-တရုတ် ဆွေးနွေးဘက်ဆက်ဆံရေးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
 
အမြဲတမ်းအတွင်းဝန်က ၂၀၂၃ ခုနှစ်သည် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးခြင်း နှစ်(၂၀)ပြည့်မြောက်သည့် အခါသမယ ဖြစ်ပါသဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး၊ နှစ်ပတ်လည် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို မှတ်သားခဲ့ပါသည်။ ထို့နောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု နှစ်အတွက် ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ရေးနှင့် (၂၉)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးတို့ အပေါ် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်၏ တစ်ခုတည်းသော ညှိနှိုင်းစာသားအား ဒုတိယအကြိမ်ဆွေးနွေးမှုအား ဆောလျင်စွာ အပြီးသတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးမှ ထပ်လောင်းကတိပြုခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်ဖက် အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ 
 
ထို့နောက် အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာအေး သည် ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Hong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေး၊ အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာဖိုရမ်ကဲ့သို့ အာဆီယံ ဦးဆောင်သည့် ယန္တရားများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အလမ်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အခြားအပြန်အလှန်စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။